ဗိုလ်ချုပ်နေဝင်း Vs ဗိုလ်မှူးချုပ်အောင်ကြီး


.
ဗိုလ်ချုပ်ကြီးနေဝင်း 🆚 ဗိုလ်မှုးချုပ်အောင်ကြီး

၁၉၈၈ မတ်လ အာအိုင်တီ အရေးအခင်းနဲ့ ရှစ်လေးလုံး အကြားမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ ဦးနေဝင်းသို့ အိပ်ဖွင့်ပေးစာတွေ ပြန့်နှံ့ခဲ့ပါတယ်။ ကျွန်တော့်ဆီမှာ ၁၉၈၈ မေ ၉၊ မေ ၁၂၊ ဂျွန် ၁၈ နဲ့ ဂျွန် ၂၂ ရက်စွဲတွေနဲ့ စာလေးစောင်ရှိပါတယ်။ ပထမ ၂ စောင်က မဆလ ပါတီရဲ့ အမှားအယွင်းတွေကို ရေးပြရင်း၊ တော်လှန်ရေးကောင်စီခေတ်ကို ကာကွယ်၊ ကျောင်းသား သမဂ္ဂဖြိုတဲ့ ကိစ္စမှာ သူမပါဝင်ကြောင်း ရှင်းပြတာတွေပါ။ နောက် ၂ စောင်မှာတော့ ၈၈ မှာ ဖြစ်ခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အကြောင်း ရေးပြထားပါတယ်။

အဲဒီနောက် ၂ စောင်မှာ အထိ ၈၈ မတ် နဲ့ ဂျွန်မှာ ဖြစ်ခဲ့တာတွေကို ဦးနေဝင်းကို အောက်လူတွေက ဖုံးထားလို့ သူက အမှန်ကို အသိပေးရတဲ့ သဘောမျိုး ရေးထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့စာတွေကြောင့် အဲဒီအချိန်က အစိုးရ မီဒီယာတွေက ဖုံးထားတဲ့ အချက်အလက်တွေ ပြည်သူလူထုကြားမှာ ပြန့်နှံ့သွားစေပါတယ်။ သူ့ စာတွေ ဘယ်လောက် မှန်တယ်၊ မှားတယ် ဆိုတာထက် သမိုင်းကို ပြန်ကြည့်တဲ့အခါ နှိုင်းယှဉ်ကြည့်စရာ အချက်အလက် တချို့ရစေဖို့ ရည်ရွယ်ပြီး ကျွန်တော် ရိုက်တင်ပေးပါ့မယ်။ အွန်လိုင်းမှာလည်း မရှိသေးဘူးလို့ ထင်ပါတယ်။ စာရိုက်တာ အချိန်ကြာနေရင်တော့ သည်းခံပေးကြပါ။လူ ပိုစိတ်ဝင်စားမယ့် နောက်စာ ၂ စောင်ကို အရင်တင်ပေးပါ့မယ်။

ဗိုလ်ချုပ်ခဗျားဗိုလ်ချုပ်လည်း အသက်ကြီးပါပြီ။ ကျွန်တော်တောင်မှ အသက် (၇၀) ရှိပြီပဲ။ ဗိုလ်ချုပ်အနေနဲ့ ကောင်းမယ်ထင်လို့ လုပ်ခဲ့တာပဲဟာ၊ ကောင်းတာတွေလည်း ရှိမှာပဲ။ မကောင်းတာတွေ မှားတာတွေလည်း ရှိမှာပဲ။ ဒါဟာ နိုင်ငံတော်ကို ဦးဆောင်ကြတဲ့သူတွေ အဖို့ တွေ့ကြုံရတာ ဓမ္မတာပါပဲ။

ဒါပေမယ့် ကျွန်တော် တခုတော့ ပြောချင်ပါတယ်။ ဗိုလ်ချုပ် ဖြစ်ချင်တာတွေ ဖြစ်မလာတာတို့၊ တိုင်းပြည် ဆင်းရဲသွားတာတို့၊ စီမံကိန်းတွေ မအောင်မြင်ဘဲ အောင်မြင်တယ်ဆိုပြီး စာရင်းလိမ် အပြခံရတာတို့၊ အမှန်ကို မပြောကြဘဲ ဗိုလ်ချုပ်ကြီး စိတ်မချမ်းသာ စရာတွေ မကြားရအောင် ဖုံးဖိထားကြတာ၊ နောက်ဆုံး မိမိတို့ ဘာသာ မိမိတို့ ကျူးလွန်တာတွေ၊ မှားတာတွေကိုတောင် ဗိုလ်ချုပ်ကြီး ခိုင်းလို့ လုပ်တာပါချည်း ဖြစ်ကုန်တာတွေ အပြင်မှာ ဖြစ်နေတယ်လေ။

အရင် ကျောင်းသား သမဂ္ဂဖြိုတဲ့ ကိစ္စတောင် ယခုထိ တိုင်းပြည်က မသိကြသေးဘူး မဟုတ်လား။ သမဂ္စ္ဂကို ကျွန်တော် ဖြိုတယ်လိုလို ဗိုလ်ချုပ်ကိုပြောတဲ့ အတွက် ဗိုလ်ချုပ်က ကျွန်တော် ဖြိုတယ်လို့ စွတ်စွဲ၊ ကျွန်တော်က ကျွန်တော် မဟုတ်ရပါလို့ ၁၉၇၇ ခုနှစ်မှာ စာတမ်းဝေပြီး ဖြေရှင်းတော့ တာဝန်ဟာ ဗိုလ်ချုပ်အပေါ် ပြန်ကျပြီး ဗိုလ်ချုပ်ပဲလို့ နားလည်သွားကြ ပြန်ပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်ဟာ သမဂ္ဂဆိုတဲ့ လွတ်လပ်ရေး သမိုင်းဝင် အဓိက အဆောက်အဦးကြီးကို ဖြိုတဲ့လူ အဖြစ် ရာဇဝင် အမဲကွက်ကြီးနဲ့ စခန်းသိမ်းမလို ဖြစ်ခဲ့ရပါတယ်။

အခု ကျွန်တော် (၄၁) မျက်နှာ စာတမ်း ထွက်လာကာမှ လူတွေဟာ "ဟာ" ကနဲဖြစ်ပြီး ဒိုင်းနမိုက် ခွဲခိုင်းတာ ဗိုလ်ချုပ် မဟုတ်ကြောင်း အကြောင်းစုံ သိသွားကြတာပါ။ တကယ် ဟိုလွန်ခဲ့တဲ့ (၂၆) နှစ် ကတည်းက မွှေးကြီး (ဗိုလ်လှမြင့်)၊ ဗိုလ်မှူးဝင်း၊ ဗိုလ်ထွန်းရီ (Burma Engr) တို့ကို မေးရင် အားလုံး အမှန်ပေါ်မှာပါ။ မြန်မာပြည် ဗုဒ္ဓဘာသာ ဘယ်လောက် ထွန်းကားတယ်ဆိုတာ ရွှေတိဂုံ စေတီတော်ကြီးကို သက်သေထူရသလို၊ မြန်မာပြည် လွတ်လပ်ရေးသမိုင်း ရေးသား ဖော်ပြရရင် "ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ" အဆောက်အဦးကြီးဟာ ရွှေတိဂုံ စေတီတော်အလား အထင်အရှား ကျောက်တိုင်ကြီးအဖြစ် ပြရမယ့် အဆောက်အဦးကြီး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ခဗျားအဲဒီ ကျောင်းသားသမဂ္ဂ အဆောက်အဦးဖြိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများ အတွက်သာ သိကြနားလည်ကြတဲ့ ကိစ္စတရပ်သာ ဖြစ်ပါတယ်၊ မြန်မာတွေနဲ့သာ ဆိုင်ပါတယ်။ ကမ္ဘာတခုလုံးက "ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ" ကို သိလည်းမသိ စိတ်လည်း မဝင်စား၊ ကြားလည်း ကြားဖူးကြမည် မထင်ပါ။

ယခု ၁၉၈၈ ခုနှစ်၊ မတ်လ အရေးအခင်း၊ March Affair လို့ နိုင်ငံခြား သံတမန်ရပ်ကွက်က ခေါ်တဲ့ ကျောင်းသားများ အရေးအခင်း ကိစ္စမှာတော့ ဗိုလ်ချုပ် ခေါင်းဝင်ပြီး မခံစေချင်ဘူး။ ဒီကိစ္စမှာ ဗိုလ်ချုပ် တကယ်မပါဘူးလို့ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဒါပေမယ့် နိုင်ငံခြား သတင်းစာ အားလုံးက ဗိုလ်ချုပ်ကိုပဲ ခေါင်းတပ် ရေးကြပါတယ်။

ယခင် ၁၉၆၂ ခုနှစ် ကျောင်းသားများ အရေးအခင်းဟာ သာမန် ကျောင်းသားများ အရေးအခင်းမျှသာ ဖြစ်ပါတယ်။ ယခု အရေးအခင်းဟာ သာမန် ကျောင်းသားများ အရေးအခင်း၊ ကျောင်းသား ဆူပူတာတွေ နှိမ်နင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကမ္ဘာမှာ ကျောင်းသား ဆူပူတာတွေ နှိမ်နင်းတာတွေဟာ ထမင်းစားရေသောက် ကိစ္စပါ။ တိုင်းပြည်တိုင်းလိုလိုမှာ ဖြစ်နေတာမို့ ရိုးနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ယခု ကိစ္စကတော့ Human Right ကိစ္စ ဖြစ်နေပါတယ်။ Human Right ကိစ္စကို ရုရှားနဲ့ အမေရိကန် ထိပ်သီး ဆွေးနွေးပွဲမှာတောင် ရေးကြီးခွင်ကျယ် ဆွေးနွေးကြရတဲ့ ကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အသိဆုံး ဖြစ်ပါတယ်။ 

 တောင်အာဖရိက အစိုးရကို ကုလသမဂ္ဂမှာ Human Right ကိစ္စနဲ့ ပါတ်သက်ပြီး တကမ္ဘာလုံးက အစိုးရတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်ကြတယ် မဟုတ်လား။ ယခု ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်သွားတဲ့ မတ်လ ကျောင်းသားကိစ္စဟာ သာမန် RIT ကျောင်းသား ကိစ္စလေးကို ကမ္ဘာသိ ကမ္ဘာကျော် Human Right ကိစ္စ ဖြစ်သွားအောင် လုပ်နေမိတယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ "မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ်" သိပုံမပေါ်။ "နိုင်ငံတော် ကောင်စီ" ကလည်း ယခုထိ ရိပ်မိပုံ မပေါ်ပါ။ "အထွေထွေတွဲဖက်ကြီး" ဦးစီးသည့် ကိစ္စမို့၊ ကိစ္စမရှိဟု ထင်နေကြပါတယ်။ ပြောလည်း မပြောဝံ့ကြပါ။ Human Right ဖြစ်နေပြီဆိုတာ သိတဲ့ နားလည်တဲ့ ကောင်စီဝင်တွေကလည်း နှုတ်ပိတ်နေကြသည်ကို ကျွန်တော် နားမလည်နိုင် ဖြစ်ရပါတယ်။

"တွဲဖက်ကြီး" အနေနှင့် ကာကွယ်ရေး ဝန်ကြီးကို မပြောဘဲ ဦးစီးချုပ်ကို တိုက်ရိုက် အမိန့်ပေးပြီး တပ်မ ၂၂ ကိုဘားအံမှ ဆွဲချလာသည်ဟု သိရ၍ အံ့ဩမိပါသည်။
ဗိုလ်ချုပ်ခဗျားဒီကိစ္စဟာ မကြာသော ကာလမှာ မြန်မာပြည်ကို "နာမည်အဆိုးဆုံး ပုဒ်မ" ဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက၊ ကမ္ဘာ့ သတင်းစာ အသီးသီးက ရှုံ့ချ ခံရတော့မယ့် ကိစ္စမို့ ဗိုလ်ချုပ် ဦးခေါင်း မရှိုရန် တောင်းပန် ပါရစေခဗျာ။ ဗိုလ်ချုပ် သားစဉ်မြေးဆက်တွေ အထိ ခေါင်းမဖော်ရဲအောင် ဖြစ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် ဝင်မပါပါနဲ့။ သူ့ထိုက်နဲ့ သူ့ကံ ရှိပါစေလို့ လေးလေးနက်နက် တောင်းပန်တာပါ။ သေသည့်တိုင် မြန်မာ့သမိုင်းမှာ ထာဝစဉ် "မှတ်တမ်းမဲ" ကြီး တင်ကျန်ရစ်တော့မှာမို့ ယခုလို သတိပေးရတာပါ။

RIT ကိစ္စဟာ ရိုးရိုးကိစ္စလေးပါ။ ပထမဆုံး အဖမ်းခံရပြီး အင်းစိန်ထောင်မှာ (၃) ည အိပ်ပြီး လွှတ်လိုက်တဲ့ အထဲက RIT ကျောင်းသားတယောက်ဟာ ပေါင်းတည်ကပါ။ ကျောင်းသားတွေ ဆူတော့ သူတို့လည်း အဆောင်မှာ နေကြတာမို့ ပါသွားပါတယ်။ ခဲနဲ့ ပစ်တဲ့အထဲမှာလည်း သူတို့ ပါပါတယ်။ အဲဒါ ပတ်ဝန်းကျင်မှာ ခဲတွေ မရှိလို့ မနဲရှာပြီး ပေါက်ရတယ်လို့ ဆိုပါတယ်။ နောက်တော့မှ အပြင်ဘက်က ပြစ်တဲ့ ခဲတွေကောက်ပေါက်ရတယ်လို့ ဆိုပါတယ်။ ပထမဆုံး သေနတ်သံဟာ မိုးပေါ်ထောင်ပစ်တဲ့ အသံပါ။ အဲဒီလိုပဲ သူတို့နားလည် ပါတယ်တဲ့။ နောက်တော့ သေနတ်သံနဲ့ ပစ်တယ်ဟေ့ ပြေးကြ ပြေးကြ ဆိုတော့ သူက နောက်ဆုံးအတန်းလောက်မှာ ရှိတာမို့ ပြေးတော့ ရှေ့ဆုံးက ဖြစ်ပြီး အဆောင်ထဲ ပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ နောက်ကနေ ပစ်တာမို့ သေနတ်ဒဏ်ရာဟာ နောက်ကျောကနေဝင်ပြီး ရှေ့ထွက်သွားတာပါတဲ့။ သူတို့ ပြန်လှည့်ကြည့်တော့ လေးငါးခြောက်ယောက်လောက် လဲကျန်ရစ်တယ်။ ဒဏ်ရာရတာ နှစ်ယောက်ဆိုတာ မဟုတ်ဘူးတဲ့။ နောက်ပြန်မြင်ပြီး စဉ်းစားပြောတာက (၇) ယောက်ပါတဲ့။ အင်းစိန်မှာ သူတို့ (၃) ရက်ပဲ နေခဲ့ရပြီး စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်တဲ့။ (၁၃) ရက်နေ့ ညနေဖက်မှာ ဖြစ်တယ်။ (၁၄) ရက်နေ့ အဆောင်မှာပဲ ငြိမ်နေ၊ (၁၅) ရက်နေ့ နေ့လည် (၁၂) နာရီခွဲလောက် လာဖမ်းတယ် ဆိုပါတယ်။ (၁၄) ရက်နေ့မှာ ဘတ်စ်ကားကြီးတွေ အင်းစိန်လမ်းမှာ ပြေးလျှက်လို့ ပြောပါတယ်။

RASU ဘက် (၁၈ ) ရက်နေ့မှာ ဖြစ်တာကတော့ ရင်နင့်စရာကြီးပါ။ အသံလွှင့်ရုံက အသံလွှင့်တာဟာ တဖက်သတ်ကြီး RIT ကိုချည်း အပြစ်ပုံချလို့ ကျောင်းသားတွေ နာကျည်းရာက စတာပါ။ သမဝါယမ မီးရှို့တာ ကျောင်းသားတွေ မဟုတ်ပါတဲ့။ သမဝါယမ စာရင်းပိတ်ခါနီးလို့ စာရင်းတွေ ကွာနေတာကို ဖျောက်ချင်လို့ ရောင်တော်ပြန် သူတို့ ဘာသာ ရှို့တာပါ။ ကောင်စီရုံး ရိုက်ချိုးတာတော့ ကျောင်းသားတွေပါတဲ့။

(၁၃) ရက် (၁၄) ရက် (၁၅) ရက် RIT စက်မှုတက္ကသိုလ်ဘက် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နိုင်ငံခြားသံရုံးတွေဟာ အားလုံး တပ်လှန့်ပြေးလိုက်သလို ရှိလို့ ပြင်ဆင်ချိန်တွေ ရလိုက်ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ Political အရာရှိတွေဟာ သူတို့ လူတွေကို ထောက်လှမ်းဖို့ နေရာတကာကို လွှတ်ပါတယ်။ သူတို့တတွေဟာ Well trained professional တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ MIထက်ရော SB ထက်ရော သတင်းစုဆောင်းရာမှာတော့ ပညာတို့ အတွေ့အကြုံတို့ ရင့်ကျက်မှုတို့ကော၊ ပစ္စည်းတို့ အသံဖမ်းစက်ကြီးတို့ လုပ်တာကိုင်တာ ကျွမ်းကျင်မှုတွေမှာတော့ မယှဉ်နိုင်ပါ။ မတ်လ (၁၈ ) ရက်နေ့ ကိစ္စမှာ သူတို့ TV သမားတွေ ဓာတ်ပုံသမားတွေ လွှတ်ရိုက်ထားတာတွေ၊ အင်မတန် အားကြီးတဲ့ အသံဖမ်းစက်ကြီးတွေနဲ့ ဒီဘက်က အမိန့်ပေးတာ အားလုံးလိုလို ဖမ်းထားကြပါတယ်။ ဒီဘက်က လက်လွတ်စပယ် ဝါယာလက်နဲ့ ပြောထားတာ သူတို့ အားလုံးရကြပါတယ်။ သူတို့သာ မဟုတ် မြို့နယ်ကောင်စီရုံးတွေမှာ ရှိတဲ့ တပ်နဲ့ တပ်ယာယီ စခန်းချတဲ့ နေရာက စက်တွေ အားလုံး ဖွင့်ထားကြရပြီး အဲဒီ အမိန့် ညွှန်ကြားတာတွေအတိုင်း လိုက်လုပ်ကြရပါတယ်။

အဲဒီ အမိန့်တွေက "ခြင်္သေ့" က အမိန့်ပေးပြီး "အာဏာ" ဆိုတာကို သတင်းပို့တယ်လို့ ဆိုပါတယ်။ "စည်သူ" ကို အများဆုံး ခိုင်းတယ်လို့ ဆိုပါတယ်။ တခါတခါ "ခြင်္သေ့" က မင်းတို့ RI နဲ့ မပြောနဲ့ မရှင်းမရှင်း ဖြစ်နေတယ် လူကိုယ်တိုင် သွားပြောဆိုပြီး၊ ဖြတ်ပြီး အမိန့်ပေးတာမျိုးလည်း ရှိပါတယ်တဲ့။ RIT နေ့က ဆိုရင် ဂုန်လျှော်စက်လား၊ ချည်စက်လား မသိ၊ အဲဒီအချိန်မှာ အလုပ်ဆင်းလို့ အလုပ်သမားတွေ ပြန်တာကို မှားပြီး အလုပ်သမားတွေ စစ်ကူလာတယ် ထင်ပြီး "အဲဒီဘက်ကို လာရင် ပစ်သာပစ်ထည့်" ဆိုတာမျိုးတွေ ကောင်စီရုံးတွေက ကြားနေရတယ်တဲ့။ ကံကောင်းလို့ အလုပ်သမားတွေက ကမာရွတ်ဘက် ပြန်တာတွေများလို့ ဘာမှ မဖြစ်တာလို့ ဆိုပါတယ်။ 
  
"အင်းလျားကန်ဘောင်ပေါ် မြင်ကွင်း" နဲ့ ဂျဒ်ဆင်နဲ့ မရမ်းကုန်းဂါတ်ရှေ့ မြင်ကွင်းဟာ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်။ အင်းလျားလမ်းတလျှောက်နဲ့ ဘွဲ့နှင်းသဘင် ရှေ့နားမှာလည်း အလားတူလောက်ပါ။ ကျွန်တော် သိသလောက်တော့ အမိန့်ပေးအဖွဲ့ဟာ အသံလွှင့်ရုံမှာ ဖြစ်ပါတယ်။ 

အင်းလျားကန်ဘောင်ပေါ်မှာတော့ လုပ်နည်းလုပ်ဟန်ဟာ ဟိုဘက်ဒီဘက် ပိတ်ပြီး ရဲအဖွဲ့က လူစုခွဲနည်းမျိုး ရိုက်ပုံသဏ္ဍာန် မဟုတ်ဘဲ ချောင်ပိတ်ပြီး "လိုက်ရိုက်သတ်တာမျိုး" ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းထဲမှာ စခန်းဖွင့်ထားတဲ့ တပ်စခန်းနဲ့ ကပ်ရက်မှာ ဆရာတွေ အခန်းထဲမှာ ရှိနေကြပါတယ် "ခေါင်းကို ရိုက်သာခွဲ၊ နာနာရိုက် များများရိုက်နိုင်တဲ့ကောင် ဆုချမယ်" ဆိုတာတွ ကြားနေရပါတယ်။ အဲဒါ တစတစ တိုးတိုးကြိတ် ပြောရာက တက္ကသိုလ် တကျောင်းလုံး ဆရာတွေတိုင်း သိသွားကြပါတယ်။ အင်းလျားကန်ဘောင်ပေါ်မှာ အများဆုံး အရိုက်ခံရသူတွေဟာ မိန်းကလေးတွေပါ။ တချို့ မိန်းကလေးတွေဆိုရင် ဆံပင်ဆွဲရိုက်၊ ရေထဲကန်ချ၊ ကူးပြီး ပြန်တက်လာတဲ့ ကျောင်းသူလေးတွေဆိုရင် ထပ်ပြီးရိုက်၊ တချို့မိန်းကလေးတွေ ထိုင်ရှိခိုးတာလဲရိုက်၊ ထမီကျွတ်ပြီး ထွက်ပြေးတဲ့ မိန်းကလေးတဦးလဲ ဆံပင်ဆွဲရိုက်၊ ရေထဲကန်ချတာမျိုး နေ့ခင်းကြောင်တောင်ကြီးမှာ လုပ်ကြတာပါ။ နောက်ပိုင်းမှာ ရေထဲက မိန်းကလေး အလောင်းနှစ်လောင်း ပေါ်တယ်လို့ ဆိုပါတယ်။ စုံစမ်းကြည့်ပါ၊ ဆရာ၊ ဆရာမ မြင်တဲ့သူတွေ ရှိကြပါတယ်။

အဲဒီနေ့က RASU ကျောင်းဖွင့်တယ် တက်ကြတယ်ဆိုလို့ ကျောင်းတက်သူတွေ အများကြီးပါ။ အင်းလျားကန် တဝိုက်မှာရော RASU ထဲမှာရော တွေ့သမျှ ကျောင်းသားတွေကို ဖမ်း၊ ရိုက်၊ ကားပေါ်ဆွဲတင်၊ မိန်းခလေးတွေရဲ့ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ နာရီ အားလုံးချွတ်ယူ၊ ကားပေါ်မှာ မတော်မတရားတွေကိုင်၊ ငရဲပြည်လိုပါလို့ ပြောကြပါတယ်။ မိန်းခလေး တယောက်တလေမှ မကျန်၊ အားလုံး ပစ္စည်းအလုခံရသူ ချည်းပါ။ အင်းလျားကန်စောင်းမှာ ရိုက်တာနှက်တာတွေ၊ ရေထဲကန်ချတာတွေ ဂျာမဏီ ပရောဂျက်တခုမှာ လုပ်နေတဲ့ နိုင်ငံခြားသားတယောက်က ဓာတ်ပုံရိုက်တယ်လို့ သိရပါတယ်။ သူတို့ သံရုံးက သိမှာပါ။ တခြားမြင်သူတွေလည်း တပုံကြီးပါ။ ကန်တဖက် ခြံတွေထဲ ထွက်ပြေးရာ ခြံတွေအထိ လိုက်ရိုက်ကြပါတယ်။ အိမ်တွေက ဝှက်ထားကြပါတယ်။ အဲဒီညက အင်းစိန်ထောင်မှာ သေသူတွေ ရှိပါတယ်။ ညကိုးနာရီမှ မနက်သုံးနာရီအထိ မီးရှို့ကြပါတယ်။ ကြံတော သင်္ချိုင်းမှာပါ။ အဲဒီ လူဦးရေနဲ့ ပတ်သက်ပြီး ပါတီတခုမှာ ဂါးဒီးယန်း ဦးစိန်ဝင်းနဲ့ အင်္ဂလန်သံအမတ် စကားစပ်မိကြပါတယ်။ ဘယ်လောက်လို့ ထင်သလဲလို့ အင်္ဂလန်သံအမတ်က မေးတော့ ဦးစိန်ဝင်းက "ကြားတော့ ကြားတယ် ဘယ်လောက်လဲတော့ မသိဘူး" လို့ ပြောတဲ့အခါ သူက "မိန်းခလေး ခုနှစ်ယောက်ပါပြီး အားလုံး ၄၂ ယောက်တဲ့။ သေတဲ့သူတွေထဲမှာ ဘာဒဏ်ရာမှ မရှိဘဲ အသက်ရှုမရ (Choke) ဖြစ်ပြီး သေတဲ့လူတွေ ရှိတယ်" လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်း ရှိပါတယ်။ အင်းစိန်ထောင် လူသေတွေကို မှုခင်းဆရာဝန်ကြီး ဒေါက်တာဘချွန်း (နာမည် အတိအကျ မသိ) တစ်ဦးတည်း မနိုင်လို့ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ကုသဘက်ကို အကူအညီတောင်းလို့ ဆရာဝန် နှစ်ဦးပေးရတယ်လို့ ဆိုပါတယ်။ တစ်ယောက်စီအား လူသေ (၄၀) ကို Postmortem Exam လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ (ဟုတ်မဟုတ် မေးကြည့်ပါ။) 

လူသေတွေကို မီးရှို့ရာမှာ ဘာမှ နာမည်တွေကို မစူးစမ်း မရေးခဲ့ မှတ်တမ်း မပြုစုခဲ့ပဲ သက်ဆိုင်ရာ အကြောင်းမကြားဘဲ တိတ်တဆိပ် ဖျောက်ပစ်တဲ့ သဘောမျိုး မီးရှို့တယ်လို့ သိရပါတယ်။ မီးရှို့သူတွေကိုလည်း ဘယ်သူမှ မပြောရ ပြောလျှင် သတ်မည်ဟု ကြိမ်းကြောင်း မီးရှို့သူတွေက ပြောကြောင်း သိရပါတယ်။ ဒါဟာ Human Right ကမ္ဘာ့ မှတ်တမ်းတင် ခံရမယ့် ကိစ္စဖြစ်ပါတယ်။ တလလောက်ကြာမှ တချို့ ကျောင်းသားမိဘတွေကို စာရွက်ကလေး လာပေးတယ်လို့ ဆိုပါတယ်။ သေဆုံးသွားလို့ ကောင်းမွန်စွာ သဂြိုလ် ပြီးစီးကြောင်းပါ။ တိုးတိုးတိတ်တိတ် နေပါ။ ရပ်ရွာသိအောင် မငိုရ။ သပိတ်မသွတ်ရ ဆိုလို့ ဘုန်းကြီးကျောင်း တခုခုမှာ တိတ်တိတ်သွားပြီး ဆွမ်းသွတ်ရပါတယ်။ ဒါဟာလဲ Human Right တွေပါ။ မွတ်ဆလင် ကလေးတဦး ကိစ္စမှာ ပြဿနာပေါ်ပါတယ်။ ဗလီကို တိုင်တယ်ကြားပါတယ်။ စွတ် မီးရှို့လို့ပါ။

မွန်းသေတဲ့ အထဲမှာ ၁၀ နှစ် ကလေးပါပါတယ်။ တချို့ကတော့ ဒဏ်ရာ ရသူရော မရသူပါ ကားတစီးတည်း ပြွတ်သိပ်ထည့်ပိတ်ပြီး မွန်းသေတယ်လို့ ပြောပါတယ်။ တချို့ကတော့ အင်းစိန်ထောင်ထဲ သွင်းတော့ ထောင်အပြင်ကလည်း မြို့သူမြို့သားတွေ ထောင်ဝိုင်းကြပြီး ဆူတော့ ထောင်ထဲကလည်း ကျောင်းသားတွေက ဆူလို့ ထောင်ထဲမှာ ဆိုးသွမ်းအကျဉ်းသားတွေ တိုက်ပိတ်တဲ့ ၁ ယောက် ၂ ယောက်တည်း ထည့်တဲ့ ပြတင်းအမြင့်ကြီးနဲ့ အထဲကို လေးငါးဆယ် ထည့်ပိတ်လို့ အောက်ဆီဂျင် မရလို့ သေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ထောင်ထဲရောက်နေတဲ့ သူတွေကို ထောင်နဲ့ မဆိုင်တဲ့ ပြင်ပရဲ ဖြစ်တဲ့ လုံထိန်းပုလိပ်တွေ ဝင်လာပြီး ရိုက်ကြပါတယ်။ ရိုက်တာမှ မီးမှိတ်ပြီး ရိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဥပဒေအရတော့ .......... သိရပါတယ်။ ထောင်ထဲဝင်ပြီး သတ်ကြတာ ဖြစ်ပါတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ညတော့ အတိအကျ မသိရပါ။ ထောင်ထဲဝင်ပြီး သတ်ကြ ဖြတ်ကြပါတယ်။ အဲဒီအချိန်မှာ ဆူရမလား ဆိုပြီး ကျောင်းသူတချို့ကို ရိုက်ပြီး လုံထိန်းတွေက မုဒိန်းကျင့်တယ်လို့ ဆိုပါတယ်။ မိန်းခလေးတွေဟာ မပြောရဲ မဆိုရဲ အချို့ လေးငါးဆယ်ရက်အထိ ကြောင်နေတာ ငေးနေတာတွေ အချို့ အိမ်က ဘာမှ မေးမရပဲ သူ့ကို သီလရှင်ကျောင်းပို့ပြီး သီလရှင် ဝတ်ပါရစေတော့လို့ ငိုပြောတာတွေ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အပြင် ဧည့်ခံပွဲ တခုမှာ ကျွန်တော့် မိတ်ဆွေတဦးနဲ့ ဂျာမဏီ သံအမတ်ကြီးက တကယ်ဟုတ်မှန်ကြောင်း သူ ခိုင်လုံသော နေရာမှ သိရကြောင်း ပြောပါတယ်။ စစ်ဆေးတဲ့ Postmortem ဆရာဝန်ထံမှ သိရှိဟန်တူပါတယ်။ (ဗိုလ်ချုပ် စုံစမ်းကြည့်ပါ။)

ဒဏ်ရာရပြီး ဆေးရုံတင်ရတဲ့ လူနာတွေအားလုံး ခြေချင်းခတ်ခံထား ရပါတယ်။ တချို့သေမယ့် လူနာတွေ ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆေးရုံက ဆရာဝန်ကြီးတဦးကတော့ သူ့လူနာကို လက်ထိပ် ခြေထိပ်ခတ်ခွင့် လုံးဝခွင့်မပြုပါ။ ခေါင်းကို ရိုက်ထားရာ သတိမရသူများပါ ဒဏ်ရာရသူများကို အပြင်မှ ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးပါ။ တာဝန်ကျနေသည့် ဒေါက်တာမလေးတွေက တိတ်တဆိတ် လူနာ့ထံမှ လိပ်စာမေးပြီး အိမ်သွားပြောမှ အိမ်ကလိုက်လာပြီး ဇွတ်တွေ့မှ လူနာရော၊ မိဘရော၊ သူနာပြုဆရာမတွေရော၊ ဆရာဝန်မတွေရော ရောနှောပြီး ငိုကြယိုကြကြောင်း ပါဝင်သူ ဆရာဝန်မ ကိုယ်တိုင်ပြောလို့ သိရပါတယ်

ထောင်ထဲမှာ ရိုးရိုးရိုက်တာတွေ မကပါ။ တော်တော်ကြီး နှိပ်စက်တာ ညှင်းပန်းတာမျိုးတွေ တော်တော်များများ ကျူးလွန်ကြပါတယ်။ အရိုးကု ဆေးရုံအုပ်ကြီး ပါရဂူ ဒေါက်တာဘညွန့်ရဲ့သားကို မေးကြည့်ပါ။ သူကိုယ်တိုင် မသေရုံ တမယ်ပါ။ နေ့စဉ် အခန်းထဲကထုတ်၊ ကျောက်စရစ်ခဲလေးတွေ ခင်းထားတဲ့ မြေကြီးပေါ် ဒူးထောက်ခိုင်းထားပြီး ရိုက်ရိုက်နေတာပါ။ ပထမတော့ ရိုက်တဲ့သူကို မျက်နှာ သေသေချာချာ မှတ်ထားပါတယ်တဲ့။ နောက်နေ့ကျတော့ ရိုက်တဲ့သူကို လှည့်ထားလေ့ရှိတာကြောင့် မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ တခြားနည်းတွေနဲ့လည်း ခံနေရသူတွေ ရှိပါတယ်။ နာမည် မဖော်ရဲကြပါ။ ကျွန်တော့်ဆိုင်ဟာ လဖက်ရည်ဆိုင်ပါ။ လူပေါင်းစုံ လာကြပါတယ်။ အချို့ သူတို့ ခံခဲ့ရပုံတွေကို လာပြီး ပြောပြပါတယ်။ လိပ်စာနဲ့ အမည်တွေကိုပါ ပြောရဲတဲ့ သူတွေ ရှိကြပါတယ်။ ကျွန်တော်က အားကိုးတကြီးနဲ့ လာပြောသူတွေ ဒုက္ခ မရောက်စေချင်လို့ လိပ်စာကိုတော့ လက်မခံရဲပါ။

RASU မှာ ကျောင်းသား တသောင်းကျော် ရှိပါတယ်။ ဆေး သွားကောလိပ်တွေမှာ ငါးထောင်လောက်၊ RIT မှာလည်း တသောင်းလောက်တော့ ရှိကြပါတယ်။ March အရေးအခင်းဟာ သူတို့ တသက်မမေ့စရာပါ။ ကျွန်တော်တို့တတွေ အားလုံး သေတောင် သူတို့ ကျန်နေကြဦးမှာပါ။ ဒီကိစ္စဟာ ရာဇဝင်ရဲ့ အမဲစက် ဖြစ်တော့မှာပါ။ Human Right ကို မြန်မာပြည်မှာ ဘယ်သူတွေ ကျူးလွန်တယ် ဘယ်လို ကျူးလွန်တယ် ဆိုတာ ပေါ်မှာပါ။ "အင်းလျားကန်မှာ သွေးချောင်းစီးသောနေ့ တနေ့" ဆိုတဲ့ မှတ်တမ်းကို သားသမီးတွေ မြေးမြစ်တွေ ဖတ်ရမှာ မုချပါ။

မြန်မာပြည်ရှိ နိုင်ငံခြားသံရုံးတွေမှာ သတင်းစုံ ရှိနေပါတယ်။ ဓာတ်ပုံတွေ Video တွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ Embrass ဖြစ်မှာမို့ ဒီမှာ ဘာမှ မပြောပေမဲ့ သူတို့ နိုင်ငံကိုတော့ သတင်းစုံ ပို့မှာပါ။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး သတင်းစုံပါတယ်။ သာယာဝတီထောင်မှာ ဘာဖြစ်တယ် ကျွန်တော်တို့ မသိ သူတို့ သိပါတယ်။ သူတို့ဘက်က နောက်ဆုံးကြားတာကတော့ သေဆုံးသူ (၂၈၃) ယောက်။ နောက်ပိုင်းမှာ ကုလားဒိန်တွေ အများဆုံးလို့ ဆိုပါတယ်။ အင်းစိန်ထောင်ပိုင် ကိုယ်တိုင် ရိုက်သတ်တာတောင် ရှိတယ်လို့ ဆိုပါတယ်။ 
  
ဂျနီဗာမှာ ကုလသမဂ္ဂ Human Right နဲ့ ပတ်သက်တဲ့ အဖွဲ့တွေ ရှိနေပါတယ်။ မြန်မာနိုင်ငံကလည်း သံအမတ်အဆင့်ရှိ ရုံးရှိနေတယ် ထင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အဲဒီ Amnesty International အဖွဲ့ရုံးမှာ တိုင်စာတွေ တခုပြီးတခု ရောက်နေပြီလို့ ကြားရပါတယ်။ ဦးအောင်သန်းလား ဘာလားမသိ ကျွန်တော်တို့ ကိုယ်စားလှယ်တွေဟာ တချိန်ချိန်မှာ ဖြေရတော့မှာပါ။ အဲဒီအပြင် ပြင်ပ Human Right အဖွဲ့အစည်း ၃ ခုလောက် ရှိပါသေးတယ်။ မကြာခင် (ယခုတောင် စချင်စနေမှာပါ) တဖြည်းဖြည်း ကမ္ဘာကို သတင်းဖြန့်မှာ သေချာပါတယ်။ 

ဧပြီလဆန်း (၂) ရက်နေ့လောက်က သိမ်ကြီးဈေးကို ဈေးသွားပါတယ်။ ကျွန်တော်တို့ သွားခါနီးလောက်မှာ ဧည့်သည်ရောက်လာလို့ ကျွန်တော်မပါ ဇနီးနှင့် ကလေးများ သွားကြပါတယ်။ မကြာခင် ဇနီးနှင့် ကလေးများ မျက်စိ မျက်နှာပျက်ပျက်နှင့် ပြန်လာကြပါတယ်။ သူတို့ ပြောပြတဲ့ မြင်ကွင်းကတော့ ဆေးရုံကြီးဒေါင့် သိမ်ကြီးဈေးဘက် အချိုး မီးပွိုင့်မှာ မီးနီပြထားလို့ ကားရပ်ထားစဉ် ရဲမော်တော်ဆိုင်ကယ် နောက်က RTB ခေါင်းပြာထရပ်ကားတစီး ထူးဆန်းလို့ ကားပေါ်လှမ်းကြည့်တဲ့အခါ အလောင်းတော်တော်များများ ပုံထားတာကို တွေ့ရပါတယ်။ နောက် ဆေးရုံကြီးရဲ့ ရင်ခွဲရုံဘက် မောင်းချိုးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဧပြီ (၂) ရက်နေ့ပါ။ နောက်စုံစမ်းကြည့်တော့ အားလုံးက လူသေ ၂၀ ဖြစ်ပါတယ်။ ၄ ယောက်က အသက်ရှူပိတ်ပြီး သေတာလို့ သိရပါတယ်။

ဗိုလ်ချုပ်ခဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် တောင်းပန်ပါရစေ။ ဗိုလ်ချုပ်ဝင်ပြီး လက်မရှိုပါနဲ့၊ နောင် အရိုးတွေ တွန်မည့် Human Right ကိစ္စ ဖြစ်ပါတယ်။ ရာဇဝင်ရိုင်းတော့မည့် ကိစ္စပါ။ ဗိုလ်ချုပ် တကယ်တမ်းလည်း မပါပါ။

စုံစမ်းရေး ကော်မရှင်က သတင်းပို့ဖို့ ဖိတ်ကြားတဲ့အခါ (၁) သတင်းပေးပို့သူက အရင် သူသိတာ ရေးတင်၊ အဲဒီထဲကမှ သင့်တော်သူကို ခေါ်မေးမည်။ (၂) ဟိုက်ကုတ်ကို သတင်းပေးဖို့ သွားသူတွေဟာ ဂိတ်ဝမှာ ြှု ထဲ လက်မှတ်ရေးထိုးပြီးမှ ဝင်ရပါတယ်။ (၃) သာမန် ဝင်နေကျ ရှေ့နေရုံးတက်တဲ့ ရှေ့နေတွေပါ လက်မှတ် ရေးထိုးရပါတယ်။ (ဦးတင်အောင်ဟိန်း အသိပါ။)

နောက် အကျဉ်းထောင်တွင် ဆရာဝန်တွေ ဝင်စစ်သည်ဟု ကြားသိရပါသည်။ ပထမ သေနတ်မှန်သူတွေကို ဆူးအချွန်အတက်နဲ့ ထိုးမိသည်ဟု ဆရာဝန်ကို ရေးခိုင်းသည်။ (ဟုတ်မဟုတ် စုံစမ်းပါ။) နောက်ဆုံး ကော်မရှင် Report တင်သည်။ ထိုအစီရင်ခံစာကို မထုတ်ပြန်သေး၊ ကောင်စီမှ ဖုန်းအုပ်တဲ့ လိမ်ထားတဲ့ ကြေငြာစာတမ်း ထုတ်ပြန်သည်။ အမှန်ကို အမှန်အတိုင်း မကြေငြာ ဖမ်းထားသူတွေကို စာရင်းဖျောက်ထားသည်။ သေသူကို နှစ်ဦးပဲ ဆက်ပြထားပါသည်။ အစထဲက ကော်မရှင် မဖွဲ့လျှင် ကိစ္စမရှိပါ၊ ယခုလို ဗလောင်းဗလဲ လုပ်ပြီး ကြေငြာတာကတော့ ရာဇဝင် ရိုင်းလှပါသည်။

ဗိုလ်ချုပ်ခဗျား ဒီကိစ္စဟာ သေးသေးမဟုတ်ပါ။ နိုင်ငံတကာက သိနေသည့် Human Right ကိစ္စကြီး တိုက်ရိုက် ပါနေပါသည်။ မှန်အောင် ပြန်ပြင်စေချင်ပါသည်။ရဲချုပ်၊ ဒုရဲချုပ်၊ ဗိုလ်မှူးကြီးဖေကြည် ၊ဆရာဝန်များ၊ ဦးတင်အောင်ဟိန်း၊ ပါမောက္ခချုပ် RASU လောက် မေးလျှင် အမှန်သိမည် ဖြစ်ပါသည်။ဗိုလ်ချုပ်အနေနဲ့ လက်ဝဲရံ၊ လက်ယာရံတွေအတွက် လက်မရှိုလိုက်ပါနဲ့လို့ တကယ်လေးလေးနက်နက် တောင်းပန်ပါတယ်။

ကျောင်းဆရာ၊ ပါမောက္ခများသည် လခစား ကျောက်ရုပ်များ မဟုတ်၊ ကျောင်းသား ကျောင်းသူများ၏ အပူဇော်ခံထိုက်သူများ ဖြစ်ရန်လိုပါသည်။ ရှေ့နေ ဝတ်လုံ တရားသူကြီးများသည် တရားရုံးများတွင် အခကြေးငွေအတွက်သာ လုပ်နေသူများ မဟုတ် တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ်ရမည့်သူများ ဖြစ်ရန်လည်း လိုပါသည်။

တော်လှန်ရေးကောင်စီဝင်ဟောင်းများတပ်မတော်ရဲဘော်ဟောင်းများနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမြန်မာနိုင်ငံ ရှေ့နေအင်းပါမောက္ခနှင့် ဆရာ ဆရာမကြီးများကျောင်းသားများကို လှုံ့ဆော်ရာ ရောက်မည်စိုး၍ တက္ကသိုလ် ပိတ်သည်အထိ စောင့်ပြီးမှ အသိပေးခြင်း ဖြစ်ပါသည်။

အာဏာသိမ်း တော်လှန်ရေး ကောင်စီ ဒု ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်ဇာတိ ဦးအောင်ကြီးသည် သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ဒို့ဗမာ အစည်းအရုံး၀င် တဦးဖြစ်သည်။ ဂျပန်ခေတ် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) တွင် ပြည်သူ့ အရေးတော်ပုံ ပါတီ ခေါင်းဆောင်တဦးအဖြစ် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ရန်ကုန်ဘဆွေ၊ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် အတူ ရပ်တည်ခဲ့သူ ဖြစ်သည်။ဂျပန်တော်လှန်ရေး ကာလ ဦးအောင်ကြီး၏ အပြောင်မြောက်ဆုံး လုပ်ရပ်မှာ အင်္ဂလိပ်စစ်တပ်မှ သိမ်းယူထားသည့် ရန်ကုန်မြို့ကို ဗမာ့ တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးကြီးနေ၀င်းက ဦးဆောင်သိမ်းပိုက်လိုက်ကြောင်း မမှန်ကန်သည့် ရေဒီယို အသံ လွှင့်ချက် ဖြစ်သည်။

ထိုအသံလွှင့် ကြေညာချက်ကြောင့် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်မှ သိမ်းယူခဲ့သည်ဟု ကမ္ဘာကမှတ်ယူခဲ့ကြောင်း မကြာသေးမီက ထုတ်ဝေခဲ့သည့် ကျွန်ုပ်တို့နှင့် ဦးကျော်ငြိမ်း စာအုပ်တွင် ဦးအောင်ကြီးက ရေးသားထားသည်။စစ်ပြီးခေတ် ပြန်လည်ထူထောင်သည့် မြန်မာ့ တပ်မတော်၌ ပါ၀င်ခဲ့ရာ ပြည်တွင်းစစ် အစပိုင်းတွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ရာ ထူးဖြင့် စစ်သားစုဆောင်းခြင်းနှင့် ထောက်ပံ့ရေးကိစ္စများကို တာ၀န်ယူခဲ့ပြီး လစ်လပ်နေသည့် တပ်မတော် ဒု ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်မှူးချုပ် အောင်ကြီးအား ခန့်အပ်ခြင်း ခံခဲ့ရသည်။

ထိုအချက်များကြောင့် ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဦးအောင်ကြီးသည် စစ်မတိုက်ဖူးသည့် စစ်ဗိုလ်၊ တပ်တွင်း အာဏာ ကို ခုန်ပျံကျော်လွှားကာရရှိသူဟု အတိအလင်း ဝေဖန်ခဲ့သည်။ဖဆပလ အစိုးရလက်ထက် ကွန်မြူနစ်ဆန့်ကျင်သည့် ဆိုရှယ်လစ် ပါတီ လိုလားသူ တပ်မှူးတဦးအဖြစ် ရပ်တည်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သည့် စစ်တပ်ကို အာဏာလွှဲပေးရန် ၀န်ကြီးချုပ် ဦးနုအား ဗိုလ်မှူးချုပ် မောင်မောင်နှင့် အတူ ဖိအား ပေးခဲ့သူဖြစ်သည်။

စစ်တပ် စီးပွားရေးဖြစ်သည့် မြန်မာ့ စီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း(BEDC) တည်ထောင်ခဲ့သူ တဦးဖြစ်၍ ယနေ့ တပ်မတော်၏ မြန်မာ့ စီးပွားရေး ဦးပိုင် လိမိတက် ဖခင် ဟုပင် ခေါ်ဆိုနိုင်သည်။ အင်း၀ဘဏ်၊ ကြယ်ငါးပွင့် ပင်လယ်ကူး သဘောင်္လုပ်ငန်း ၊ ရေ နက် ငါးဖမ်း လုပ်ငန်း၊ မွေးမြူရေး စသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း များစွာကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။

ဦးအောင်ကြီးသည် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် နီးစပ်သူ၊ အကျိူးလိုလားသူ၊ မည်သည့် အချိန်မဆို ဦးနေ၀င်းနှင့် ပတ်သက်လာလျှင် ကာကွယ်ပြောဆိုသူ ထောက်ခံသူ တဦးဟု လူသိများသော်လည်း မိမိသည် ဦးနေ၀င်း၏ တပည့်တဦးမဟုတ်သလို ဆရာလည်း မဟုတ်ကြောင်း လျှပ်တပြက်ဂျာနယ်နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။ထိုသို့ရင်းနှီးသူဖြစ်သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း၏ အာဏသိမ်းယူမှုတွင် ပါ၀င်ခြင်းမရှိဘဲ အသစ်ဖွဲ့စည်းသည့် တော် လှန်ရေး ကောင်စီ တွင် ဒု ဥက္ကဋ္ဌအဖြစ် တာ၀န်ပေးမှသာ ဦးအောင်ကြီးအနေဖြင့် သိရှိရသည်ဟု စာရေးဆရာ ကိုကိုမောင်ကြီး( အညမည ဦးချစ်လှိုင်) ၏ တရံရောအခါများ စာအုပ်တွင် ရေးသားထားသည်။ 

သို့သော် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖောက်ခွဲ ဖျက်ဆီးရာတွင် ထိုစဉ်က တာ၀န်ရှိသည့် တော်လှန်ရေး ကောင်စီ၀င် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးချုပ်အောင်ကြီးတို့ တဦးနှင့် တဦး အကြား ယနေ့အထိ အပြန်အလှန် အပြစ် ဖို့ နေသော်လည်း လက်သည်တရားခံ မပေါ်ပေါက်ခဲ့ပေ။
၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သည့် စစ်တပ်ကို အာဏာလွှဲပေးရန် ၀န်ကြီးချုပ် ဦးနုအား ဗိုလ်မှူးချုပ် မောင်မောင်နှင့် အတူ ဖိအား ပေးခဲ့သူ ဗိုလ်မှူးချုပ်အောင်ကြီး၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ ဒု ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံခဲ့ရမှာ နိုင်ငံရေးအရ သဘောကွဲလွဲ မှုများကြောင့် ဖြစ်ကြောင်း၊ ဆိုရှယ်လစ် လမ်းစဉ် ချီတက်ရာတွင် အမြင်တူညီခြင်းမရှိဘဲ ပြည်သူပိုင်သိမ်းခြင်းကို မလိုလားကြောင်း လျှပ်တပြက်ဂျာနယ်တွင် ဖော် ပြ ထားသည်။

နောက်ပိုင်းတွင် တပ်တွင်း အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဗိုလ်မှူးကြီး ကြည်မောင်နှင့်အတူ ၄ နှစ်ကျော် အထိန်းအသိမ်းခံခဲ့ရပြီး နောက် ပြန်လွတ်လာသည့်အခါ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေ၀င်း၏ အကူအညီဖြင့် စားသောက်ကုန် လုပ်ငန်း ဖြစ်သည့် အောင်ကြီးကိတ်မုန့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
စာပေရေးသားမှုအနေဖြင့် သခင်အောင်ကြီး(ပေါင်းတည်) အမည်ဖြင့်“ကျွန်တော်အညာသားပါခင်ဗျာ” ဆိုသည့် ဗိုလ်ချုပ်အောင် ဆန်း အကြောင်း အပါအ၀င် နိုင်ငံရေးနှင့် တော်လှန်ရေး အတွေ့အကြုံများကို ပေဖူးလွှာ မဂ္ဂဇင်းတွင် လစဉ်ရေးသားခဲ့သည်။၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်ရေးအတွက် လှုံ့ဆော်ချက်များတွင် ထိုခေတ် အစိုးရခေါင်းဆောင် ဦးနေ၀င်းထံသို့ ပေးပို့သော သူ၏ စာများ လူထုတွင်း ရောက်ရှိသွားခြင်းလည်း ပါ၀င်သည်။

ထို့နောက် အစိုးရကို ဝေဖန်သည့် စာများရေးသားဖြန့်ဝေလာရာ ၁၉၈၈ ခုနှစ် ၎င်းရေးသားသည့် စာမျက်နှာ ၄၁ မျက်နှာပါ စာတမ်း မှာ လူထုအုံကြွမှု အထိ လှုံဆော်နိုင်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။၁၉၈၈ အရေးအခင်းကာလအတွင်း လူများစုထောက်ခံမှုကို ရရှိသော်လည်း ဒီမိုကရေစီ မရရင် မိမိကိုယ်ကို မီးရှို့မည်ဟု ပြောဆို ခြင်း၊ “စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့”ဆိုသော စကားရပ်များကြောင့် လူထုထောက်ခံမှု ကျဆင်းခဲ့သည်။

“အောင်စုတင်”ဟု အများခေါ်ဝေါ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဖွဲ့စည်းစဉ်က ထိပ်တန်းခေါင်းဆောင် တဦးအဖြစ်ပါ၀င် ခဲ့ပြီး နောက်ပိုင်းတွင် NLDပါတီအတွင်း ကွန်မြူနစ်များကွန်မြူနစ်များ ကြီးစိုးနေသည်ဟု စွပ်စွဲပြောဆိုမှုကြောင့် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သည့် အတွက် ပါတီမှ နုတ်ထွက်ခဲ့ရသည်။သို့သော် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ(UNDP)ကို တည်ထောင်၍ ၀င်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း အပြတ်အသတ် ရှုံးနိမ့်ကာ နိုင်ငံရေးလောကမှ ထွက်ခွာခဲ့ရသည်။

ဒီမိုကရေစီရေးလှုပ်ရှားမှုကြီး အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) တည်ထောင်ရာတွင် ဦးအောင်ကြီး ပါ၀င်ခဲ့သော်လည်း နောက်ပိုင်းတွင် သဘောထားခြင်း မတိုက်ဆိုင်သဖြင့် NLD မှ နုတ်ထွက်သွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) တည်ထောင်ရာတွင်ပါ၀င်ခဲ့သူ ဦးအောင်ကြီးးပါတီသစ်တခုကို ဖွဲ့စည်းတည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲသို့၀င်ရောက်ခဲ့သော်လည်း ပြည်သူလူထုထောက်ခံမှု မရရှိခဲ့ချေ။ယင်းနောက်ပိုင်းမှ အစပြုပြီး သူ၏ နိုင်ငံရေးသြဇာ ကျဆင်းပြီး သူ၏ စီးပွားရေးလုပ်ငန်းလည်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။သူ၏ ဒုတိယအကြိမ် အငြိမ်းစားယူသည့် ကာလများအတွင်း မီဒီယာတချို့နှင့် ထိတွေ့မှု တခါတရံ ရှိခဲ့ကြောင်း တွေ့ရသည်။

လာမည့် ငါးနှစ်၊ ဆယ်နှစ်အတွင်း မြန်မာပြည်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ဖြစ်လိမ့်မည်ဟု ဦးအောင်ကြီးက ဟောကိန်းထုတ်ကြောင်း ဆစ်ဒနီတက္ကသိုလ်၏ အွန်လိုင်း စာမျက်နှာတခုဖြစ်သော honisoit.com တွင် မတ်လက ရေးထားသည်။ “အထူးသဖြင့် NLD ပါတီ အာဏာရခဲ့ရင်တော့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး” ဟု ဦးအောင်ကြီးက ပြောသည်။NLD ပါတီ အာဏာရရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် ဖြစ်လာနိုင်ဖွယ်မရှိဟု သူက ဆက်လက် သုံးသပ်ထားသည်။

“သူက (ဒေါ်အောင်ဆန်းစုကြည်က) ပြည်သူတွေရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်ပဲ။ NLD ထဲက မျိုးဆက်သစ်တွေကပဲ မြန်မာပြည် ဒီမိုကရေစီရရှိရေးကို နောက်ဆုံးမှာ ဆောင်ရွက်နိုင်ပါလိမ့််မယ်” ဟု ဆိုသည်။ 
၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးကောင်စီ ၏ ဒု ဥက္ကဋ္ဌ တာ၀န်ယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (၉၄) နှစ်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ခန့် က မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ ကျောင်းလမ်း နေအိမ်၌ ရုတ်တရက် ကွယ်လွန်သွားသည်။ဦးအောင်ကြီး ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦးနှင့် မြေး ၅ ဦး ကျန်ရစ်ခဲ့သည်။ဦးအောင်ကြီး၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို လာမည့် စနေနေ့ နေ့လယ် ၁၁ နာရီခန့်တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်သည်။

နှစ်၆၀ ခန့်မျှ လူထုရှေ့ မှောက်မှာ ရှိနေ ခဲ့သော်လည်း ဗိုလ်ချုပ်နေဝင်း စစ်သားနှင့် နိုင်ငံရေး သမား ဘဝ မရောက်မှီ သူ့ငယ် ဘဝနှင့် ကြီးပြင်း လာခဲ့ပုံကို လူသိ နည်းလှ၏။ သက်တမ်း ရှည်ရှည်နှင့် လူစိတ်ဝင် စားစရာ ဘဝမှာ နေခဲ့ရ သည့် အတွက် သူ၏ ငယ်ဘဝနှင့် ပတ်သက်ပြီး လူတွေက အမျိုးမျိုး ပြောနေ ကြသည်။ သူကလည်း သူ့ကိုယ်ရေး ရာဇဝင်ရေး သူများ ကို အချက် အလက် နည်းနည်းပဲ ပြောပြ ခဲ့သည်။ သူ့ဘဝ အကြောင်းကို ဖော်ထုတ် ပြသသည့် အချို့ အချက်တွေကို ကိုယ်ရေး ကိုယ် တာ အဖြစ်သာ ၎င်းက ကန့်သတ် ထိန်းသိမ်း ထားခဲ့သည်။ သူ့ငယ် ဘဝကို ကောလာ ဟလများ၊ အ ထင်အမြင် စွပ်စွဲချက်များ အမျိုးမျိုး ရှိခဲ့သော်လည်း ခိုင်ခိုင်မာမာ အချက် ကတော့ ရှားပါး လှသည်။ သူ့မွေးနေ့၊ မွေးရက် အမှန်ပင်လျှင် စာအုပ် အမျိုးမျိုးမှာ ပုံစံ အမျိုးမျိုးဖြင့် ဖော်ပြနေ၍ အမှန်ကို သိဖို့ ခက်ခဲ လှသည်။

၎င်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ကို တရားဝင်ရေးသားခွင့်ရခဲ့သူ၊ ၁၉၄၀ မှ ကွယ်လွန်ချိန် ၁၉၉၄ အထိ အရင်းနှီးဆုံးရှိခဲ့သူ ဒေါက် တာမောင်မောင်က ရှုမောင်ဟု အမည်တွင်သည့် ဗိုလ်ချုပ်နေဝင်း ကို ၁၉၁၁ မေလ ၂၄ ရက်တွင် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပေါင်းတလည်ဒေသမှာ မွေးဖွား သည်ဟုဆို၏။ သို့သော် ၁၉၆၁ ကထုတ်ဝေသော မြန်မာပြည်က လူပုဂ္ဂိုလ်များအကြောင်း စာအုပ် တွင် ဗိုလ်ချုပ်နေဝင်း၏ မွေးနေ့ ကို ဆယ်ရက်စောပြီး ၁၉၁၁ မေလ ၁၄ ရက် တနင်္ဂနွေနေ့ဟု ရေးသား ထားသည်။ ၁၉၇၁ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ပါတီညီလာခံ ကိုယ်စားလှယ်စာရင်းတွင်လည်း ထိုအတိုင်းပင် ရေးသားထားသည်။ ဒေါက်တာမောင်မောင်ရေးသား ခဲ့သည့် ရက်စွဲကို အင်္ဂလိပ် ဘာသာဖြင့်ရေးသားသည့် နိုင်ငံတကာ သတင်းမီဒီယာများက အသုံးများကြသည်။

သို့သော် ညီဖြစ်သူ ၁၉၂၇ တွင် မွေးဖွားခဲ့သည့် ဦးသိန်းညွန့် က ဗိုလ်ချုပ်နေဝင်း၏မွေးနေ့မှာ ဇူလိုင် ၆ ရက် ၁၉၁၀ ပြည့်နှစ်ဟု ဆိုပါသည်။ မြန်မာသက္ကရာဇ်အရ ၁၂၇၂ ခုနှစ် ဝါဆိုလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီကျော်တွင် မွေးဖွားခဲ့သည်ဟုပြောသည်။ ဗိုလ်ချုပ်နေဝင်း၏ သား၊ သမီးများက ဇူလိုင် ၆ ရက်စွဲနှင့် ပတ်သက်ပြီးသူတို့ဦးလေးနှင့်အငြင်းပွား ခဲ့ပါသည်။ ဦးသန့်ကတော့ ရှုမောင်သည် ၁၉၁၀ မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၁၁ မဟုတ်ပါဟု မှတ်တမ်းတင်ခဲ့ပါသည်။ သို့ရာတွင် ဗိုလ်ချုပ်နေဝင်းသည် ယခုအခါကျောင်းစုဟုသိကြသော ပေါင်းတလည်မြို့ကနေ လမ်းလျှောက်သွားလို့ရသောအောင်သွယ်မရှာ ရွာကလေးတွင် မွေးဖွားခဲ့သည်ဆိုသည့်အချက်ကိုမူ အားလုံးက သဘော တူကြပါသည်။

ကျောင်းစုက ပေါင်းတလည် နှင့် မနီးမဝေးက ရွာကလေးဖြစ် ပြီး ယခင်ရွာဟောင်းနေရာမှာ ဘုရားငယ်တစ်ဆူနှင့် ရေတွင်း ပျက်တစ်ခုရှိနေဆဲဖြစ်ပါသည်။ ထို့အပြင် ပေါင်းတလည်သို့သွား သော ရထားဘူတာရုံသစ်လည်း ရှိ၏။

မွေးနေ့ကို အမျိုးမျိုးပြောဆို ခြင်းခုံနေကြတာက ဗိုလ်ချုပ်နေ ဝင်း၏ ဘဝအစနှင့်ပတ်သက်ပြီး သဲသဲကွဲကွဲမရှိတာကလွဲပြီး ဘာမှ ထူးထူးခြားခြားမရှိဟု ထင်စရာရှိ ပါသည်။ သို့သော် မြန်မာမှာ တော့ မွေးနေ့ မွေးနံဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ စရိုက် လက္ခဏာကိုမှန်းဆပြောနိုင်သည့် အပြင် နာမည်ပေးရန်အတွက် လမ်းညွှန်လည်းဖြစ်သည်။ 

အ ကယ်၍ သူ့မွေးနေ့သည် မေလ ၁၄ ရက် ၁၉၁၁ ခုနှစ် တနင်္ဂနွေနေ့သာဖြစ်ခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်နေဝင်းအဖြစ်သို့ မပြောင်းမီ သူ၏ငယ်နာမည်မှာ ကိုရှုမောင်မဖြစ် နိုင်တော့။ ကိုအောင် (သို့မဟုတ်)ကိုအေး လိုနာမည်မျိုးသာဖြစ်နိုင် ပါလိမ့်မည်။ မြန်မာ့ယဉ်ကျေးမှု အရ ၎င်း၏ ညီပြောကြားခဲ့သလို သူသည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ မွေးခဲ့ သည်ဆိုလျှင် သူ၏ မွေးနံမှာ အစွယ်မဲ့သော ရာဟုဆင်သာဖြစ် လိမ့်မည်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မွေးသူကား အစွယ်ပါသောဆင် ဖြစ်၏။ တစ်ပတ်မှာ ရှစ်ရက်ဖြစ် ဖို့ ဗုဒ္ဓဟူးနေ့ကို နှစ်မျိုးခွဲခြားတွက် ချက်ကြပါသည်။

ဗုဒ္ဓဟူးနေ့ နေ့ပိုင်းဗုဒ္ဓဟူး ဂြိုဟ်ခွင်အောက်မှာ မွေးလာသူ သည် ဒေါသထွက်လွယ်သလို ခွင့်လွှတ်လွယ်သည်။ သို့သော် မေ့တော့မမေ့လွယ်။ သူတို့သည် သတ္တိရှိသည်။ အကောင်းမြင် တတ်၏။ စိတ်ပြင်းပြထက်သန် ၏။ ဟာသဉာဏ်ရွှင်၏။ ကံလည်း ကောင်းကြသူများဟု ယူဆလေ့ ရှိကြသည်။ လူအတော်များများ က သည်စရိုက်လက္ခဏာများမှာ ဗိုလ်ချုပ်နေဝင်း၏ စရိုက်လက္ခ ဏာများဟု ဆိုကြသည်။ ဗုဒ္ဓဟူး နေ့နှောင်းပိုင်း ညဘက်မှာ မွေး ဖွားလာသူများကိုတော့ ရာဟု ဂြိုဟ်၏အောက်တွင်ရှိသည်ဟုဆို သည်။

ရှေးဗေဒင်ပညာရှင်များက နေနှင့် လကို ရာဟုဂြိုဟ်ဖမ်းစား သည့် အချိန်ဟုယူဆပါသည်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမွေးလာသူ များက သတိကြီး၏။ မိသားစုကို တွယ်တာ၏။ စိတ်အပြောင်းအလဲ မြန်သည်ဟုဆိုကြသည်။ တချို့ က ဦးနေဝင်းသည် သည်လို သဘောသဘာဝများရှိသည်ဟု ပြောကြသည်။ သူသည် မိသားစု အပေါ်တွင် အလိုမလိုက်တတ် သော်လည်း သစ္စာရှိပြီး တာဝန်ယူ ခဲ့သည်ဟု ပြောနိုင်ပါသည်။

ကိုရှုမောင်၏ ဖခင်ဦးဖိုးခ က ဗြိတိသျှအိန္ဒိယအစိုးရလက် ထက်က မြေယာမှတ်တမ်းဌာန တွင် မြေတိုင်းစာရေးအဖြစ် လုပ် ကိုင်ခဲ့သည်။ လစာနည်းပါးသော်လည်း မြေတိုင်းစာရေးများလည်းဗဟုသုတကြွယ်ဝကြသည်။ အစိုး ရ၏ ဘဏ္ဍာရေး၊ မြေယာအခွန်၏ အဓိကဝင်ငွေရှာပေးရာဌာနကို ကိုင်တွယ်ထားရသည့်အတွက် ဖြစ်၏။ လစာနည်းပါးသည့် အတွက်လည်း လူအချို့အတွက်လာဘ်စားရဖို့ဖြစ်လာစေသည်။

ထို့ကြောင့် ဦးဖိုးခက ဒေသ မြေယာဈေးနှုန်းများနှင့် ဝင်ငွေ အလားအလာနှင့် ပတ်သက်၍ ကောင်းကောင်း သိရှိသဘော ပေါက်သည့် အနေအထားမှာရှိခဲ့ သည်။ သူအငြိမ်းစားယူလိုက် သောအခါ မြေကောင်းယာ ကောင်းတွေကိုဝယ်ယူပြီး မြေပဲ၊ ပြောင်းဖူးနှင့် ဆန်လိုမျိုးကောက်ပဲ သီးနှံများကိုစိုက်ပျိုးခဲ့သည်။ သူက စားသောက်ကုန် ပစ္စည်းမျိုးစုံ ပွဲစားနှင့် ကုန်သည်တစ်ယောက် ဖြစ်လာ၏။ ဆင်းရဲသော ပြည်ခရိုင်က အခြားမြို့နယ်များလို မဆင်းရဲဘဲ အသင့်အတင့်ပြေလည်ပြည့် စုံသည့်ပေါင်းတလည်မြို့၏ အဓိ ကလမ်းမကြီးပေါ်မှာပင် အိမ်တစ် လုံးကောင်းကောင်းဆောက်နိုင် လာခဲ့သည်။

ဗိုလ်ချုပ်နေဝင်းက နောက် ဆုံးတွင် ကမ္ဘာကျော်လူသိများသော်လည်း ကမ္ဘာ့အဆင့်မီမြို့ပြ ဝန်းကျင်၌ မွေးဖွားကျင်လည်ခဲ့သူ မဟုတ်။ ရှုမောင်မွေးဖွားခဲ့သည့် အချိန်က ပေါင်းတလည်တည်ရှိ သည့် ပေါက်ခေါင်းမြို့နယ်မှာ ရွာပေါင်း ၇၇ ရွာသာရှိပြီး လူဦးရေ ၂၈,၆၀၀ သာရှိခဲ့၏။ ပေါက် ခေါင်းနှင့် ပေါင်းတလည်နှစ်မြို့ ပေါင်းမှ လူ ၂,၀၀၀ သာရှိပြီး အိမ် ခြေ ၄၀၀ စီသာရှိခဲ့၏။ အများစုမှာ ဗမာဗုဒ္ဓဘာသာများဖြစ်သည်။ တရုတ်လူမျိုးမှာ ၁,၅၀၀ လောက် ပင်မပြည့်ချင်။

ရှုမောင်၏ အဖေဦးဖိုးခက ဖော်ဖော်ရွေရွေ ပေါင်းတတ်သင်း တတ်ပြီး မိခင် ဒေါ်မိလေးက စီးပွားရေးအမြင်ရှိသည်ဟု ဆိုကြ သည်။ မိခင်ကား ပေါင်းတလည် မြို့နှင့် ၁၂ မိုင်ကွာဝေးသည့် အုပ် ချုပ်ရေးရုံးစိုက်ရာ ပေါက်ခေါင်း မြို့ကဖြစ်သည်။ ဦးဖိုးခက ပေါင်း တလည်ဇာတိဖြစ်ပြီး အစိုးရ အလုပ်လုပ်စဉ်က ပေါက်ခေါင်းသို့ မကြာခဏသွားရလေ့ရှိသည်။

သူတို့ ဖခင်ဦးဖိုးခသည် ကူညီတတ်သော်လည်း တိတ် တိတ်ဆိတ်ဆိတ် နေတတ်ပြီး အ ခြားသူတွေအပေါ် ဆတ်ဆတ်ထိ မခံတတ်သူဟု ဗိုလ်ချုပ်နေဝင်း ၏ ညီအငယ်ဆုံးက ပြောပြပါ သည်။ အသက် (၃၅)နှစ်တွင် ကွယ်လွန်ခဲ့သော မိခင်ဖြစ်သူကမူ သူများအပြစ်ဆိုစရာမရှိအောင် စည်းကမ်းကြီးသူဟု ဆိုသည်။ အ ချို့ကတော့ သူ့အမေကအမြင် အယူဆတွေကို လွတ်လွတ်လပ်လပ်ပြောဆိုတတ်သူဟုဆိုပါသည်။ မိခင်ဖြစ်က အသားခပ်ဖြူဖြူမို့ အခြားအာရှလူမျိုး အတော်များများလိုပင် သူတို့၏ ဘိုးဘွားများက တရုတ်ပြည်ကပြောင်းရွှေ့ အခြေချ သူများဖြစ်ကောင်းဖြစ် နိုင်ပါသည်။ အစားအစာကြေးများပြီး စားဖိုမှူးကောင်း ဖြစ်သော ဗိုလ်ချုပ်နေဝင်းက ဘယ်သူမှ သူ့မိခင် လောက် ဟင်းချက်မကောင်းဟု ဆိုပါသည်။

သူ့မိခင် ကွယ်လွန်သွားပြီး နောက် ဖခင်က မိသားစုအတွက် ခိုင်းဖို့စေဖို့ ခေါ်ထားသူများထဲက အမျိုးသမီး တစ်ယောက်နှင့် နောက်အိမ်ထောင်ပြုပါသည်။ မိခင်ကွယ်လွန်သဖြင့် မိခင်ကို တမ်းတလွမ်းဆွတ်ရသော်လည်း သူ၏ ကလေးဘဝက ပျော်စရာ ကောင်းသည်ဟု နောက်ပိုင်းကြီး လာသည့်အခါမှာ ဗိုလ်ချုပ်နေဝင်း က ပြန်ပြောင်းပြောခဲ့ပါသည်။

မြို့ငယ်လေး၏ ငွေကြေး ချမ်းသာသော မိသားစုက သား အကြီးဆုံးအဖြစ် သူ၏ ငယ်ဘဝ မှာ ကောင်းကောင်းကြီးပြင်းလာ ခဲ့ရပါသည်။ အခြားနယ်မှာ ကြီး ပြင်းလာသော မြန်မာယောက်ျား လေးများနှင့် မတူတာက သူက ဗုဒ္ဓဘာသာ ဘုရားသားတော် အဖြစ် ရဟန်းဝတ်ဖူးခြင်းမရှိခဲ့ပေ။သူက ရှင်ပြုကာ ကိုရင်ဝတ် ခဲ့ပြီး ဘာသာရေးစာတွေကိုနည်း နည်းပါးပါးသင်ခဲ့ရသည်။ (ဒေါက် တာမောင်မောင်ရေး အတ္ထုပ္ပတ္တိ စာအုပ်အရ)။ ထို့ကြောင့် သူ၏ မိဘများက ဘာသာရေးကို အလွန်အမင်းကိုင်းရှိုင်းသူများ ဖြစ်ပုံမရပါ။

Comments

Popular posts from this blog

သုတေသနစာတမ်းရေးသားနည်း

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

ပညာပေး (အသက် ၁၈ပြည့်မှဖတ်ပါ) : အမျိုးသမီးပြီးခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ?