စာကို ဘယ်လိုဖတ်ကြမလဲ !



နဲနဲပဲဖတ်ပါ၊ ဒါပေမယ့် နှစ်ကြိမ်ဖတ်ပါ .. အဲ့ဒီစည်းမျဉ်းကို အသုံးပြုပါ
(ကျွန်တော်တို့ မှားယွင်းစွာ ဖတ်နေကြတယ်)

+++++

ဆွစ်ဇာလန် အမျိုးသား မီးရထားလုပ်ငန်းရဲ့ အကြိမ်ကြိမ်စီးလက်မှတ်ပေါ်မှာ တံဆိပ်တုံးခြောက်ခုစာ နေရာရှိပါတယ်။ ခရီးတစ်ခု မစမီမှာ ခင်ဗျားရဲ့လက်မှတ်ကို လိမ္မော်ရောင် စက်ထဲ ထည့်လိုက်တဲ့အခါမှာ အဲ့ဒီစက်က ရက်စွဲနဲ့အချိန်ကို လက်မှတ်ပေါ်မှာရိုက်နှိပ်ပေးပြီး လက်မှတ်ရဲ့ လက်ဝဲဖက်အစွန်းလေးကို အနည်းငယ်စုတ်ဖြဲပစ်လိုက်ပါလိမ့်မယ်။ တံဆိပ်တုံး ခြောက်ကြိမ်ထုပြီးချိန်မှာတော့ အဲ့ဒီလက်မှတ်က ဘာမှသုံးစားလို့ မရတော့ပါဘူး။

တံဆိပ်တုံးအချက်ငါးဆယ်ထုစာ စာအုပ်ဖတ်ခွင့်လက်မှတ်တစ်ခုကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ စနစ်ကတော့ အထက်ကအတိုင်း အတူတူပါပဲ။ စာအုပ်တစ်အုပ် မဖတ်ခင်မှာ ခင်ဗျားလက်မှတ်ကို တံဆိပ်တုံး တစ်ခါထုရပါမယ်။ ဒါပေမယ့် ရထားလက်မှတ်နဲ့ မတူတာတစ်ခုက ဒီလက်မှတ်ဟာ ခင်ဗျားအတွက် တစ်ခုထဲသာရရှိမယ့် လက်မှတ်တစ်ခု ဖြစ်ပါတယ်။ ခင်ဗျား လက်မှတ်အသစ်တစ်စောင် ဘယ်တော့မှ ထပ်ဝယ်လို့ ရမှာမဟုတ်ပါဘူး။ လက်မှတ်မှာ တံဆိပ်တုံးထုတာ ပြည့်သွားတဲ့အချိန်မှာ ခင်ဗျားဟာ ဘယ်စာအုပ် အသစ်တစ်အုပ်ကိုမှ ဖွင့်လှန်ဖတ်ရှုခွင့်ရှိမှာ မဟုတ်တော့ပါဘူး။ စာအုပ် ခိုးဖတ်တာမျိုးလည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဘဝတသက်တာလုံးမှာ စာအုပ် ငါးဆယ်ပဲ ဖတ်ရမယ့် အနေအထားပါ။ လူအများစုအတွက်တော့ ဒါဟာ ပြဿနာတစ်ခု ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားလို ဒီစာအုပ်ကို ဖတ်နေသူမျိုးအဖို့တော့ ထိတ်လန့်စရာ အနေအထား ပါပဲ။ ဒီလို စာအုပ်အနည်းငယ်ပဲဖတ်ရတဲ့ ယဉ်ကျေးမှု တဝက်တပျက် အနေအထားနဲ့ ခင်ဗျားဘဝတလျှောက်ကို ဘယ်လို ဖြတ်သန်းမလဲ။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်စာကြည့်ခန်းမှာ စာအုပ်သုံးထောင် ရှိပါတယ်။ သုံးပုံတစ်ပုံလောက်ကို ဖတ်ပြီးပါပြီ။ သုံးပုံတစ်ပုံလောက်ကို လှန်လှောကြည့်ရှုပြီးပါပြီ။ သုံးပုံတစ်ပုံ လောက်ကတော့ မဖတ်ရသေးပါဘူး။ ကျွန်တော်ဟာ ပုံမှန်ပဲ စာအုပ်အသစ်တွေ ဝယ်ဖြည့်လေ့ရှိပါတယ်။ နှစ်စဉ်ဆိုသလိုပဲ မလိုတဲ့ စာအုပ်ဟောင်းတွေရှင်းထုတ်ပြီး စာအုပ်အသစ်တွေ ပြန်ဝယ်ဖြည့် တာလည်း လုပ်လေ့ရှိပါတယ်။ စာအုပ်သုံးထောင်ဆိုတာဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အီတလီက ပညာရှင် အမ်ဘာတို အီကို ရဲ့စာကြည့်ခန်း (စာအုပ်ပေါင်း သုံးသောင်းရှိ) နဲ့ နှိုင်းစာရင် ဘာမှမပြောပလောက်တဲ့ စာကြည့်ခန်း သေးသေးလေးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စာအုပ်ပါအကြောင်းအရာတွေကို မကြာခဏဆိုသလိုပဲ ပြန်စဉ်းစားကြည့်လို့ မမှတ်မိပါဘူး။ သေသေချာချာ အားစိုက်ပြီး စဉ်းစားရင်တောင်မှ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ ရောထွေးနေပြီး အပိုင်းပိုင်း အစစလေးတွေ ကိုပဲ ဖြိုးဖြိုးဖျပ်ဖျပ် မှတ်မိနေပါတယ်။ တစ်ခါတစ်လေမှာတော့ စွန့်ပစ်ထားတဲ့ မြူတွေဆိုင်းနေတဲ့ နေရာက စွန့်ပစ်ထားတဲ့ လှေပျက်ကြီးတစ်စင်းလိုမျိုး ဝါကျစာကြောင်းလေးတွေ ဟာ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ ဖျပ်ခနဲ ဖျပ်ခနဲ ပေါ်လာတတ်ပါတယ်။ တိတိကျကျ ပြတ်ပြတ်သားသား မှတ်မိတယ်ဆိုတာမျိုးက ရှားပါတယ်။ ကျွန်တော်တကယ်ဖတ်ပြီးပါပြီလို့ ပြောဖို့ခက်တဲ့ စာအုပ်အချို့လည်း ရှိပါတယ်။ အဲ့လိုစာအုပ်မျိုးကိုတော့ ကျွန်တော်ဟာ လှန်လှောကြည့်ရှုပြီး စာအုပ်ဘေးဖက်က မှတ်စုမျိုးလောက်ကိုသာ ဖတ်ကြည့်ဖူးတာပါ။ အဲ့သလို အခြေအနေမျိုးမှာ ကျွန်တော်ဟာ ကျွန်တော်ရဲ့ မကောင်းလှတဲ့ မှတ်ဉာဏ်နဲ့ စာအုပ်တွေရဲ့ မှတ်သားလောက်စရာအချက်နည်းပါးမှု ဘယ်ဟာကို အပြစ်တင်ရမလဲတောင် မသိတော့ပါဘူး။ ကျွန်တော်မေးမြန်းကြည့်သမျှ ကျွန်တော့်မိတ်ဆွေ အပေါင်းအသင်းတွေ အားလုံးလည်း အဲ့သလိုပဲ ဆိုတာ သိရပါတယ်။ ကျွန်တော့်အဖို့ရာမှာတော့ စာအုပ်တွေမှာ တင်သာ အဲ့သလို ဖြစ်တာမဟုတ်ပါဘူး။ အက်ဆေးတွေ၊ ဆောင်းပါးတွေ၊ လေ့လာသုံးသပ်ချက်တွေနဲ့ ကျွန်တော်နှစ်သက်စွာ ဖတ်ရှုခဲ့တဲ့ အားလုံးသော စာတွေမှာ ဖြစ်နေတာမျိုးပါ။ ဖတ်ခဲ့သမျှတွေအားလုံးထဲက ဦးဏှောက်ထဲမှာ စွဲထင်တင်ကျန်ခဲ့တာက နဲနဲလေးပါ။ တကယ့်ကိုမှ နည်းနည်းလေးပါ။

ဖတ်သမျှရဲ့ အများစုသော အရာတွေ မေ့ပျောက်ကုန်တယ်ဆိုရင် စာအုပ်တစ်အုပ်ကို ဖတ်ရခြင်းအကြောင်းရင်းက ဘာများဖြစ်မလဲ။ တကယ်တန်းမှာတော့ ဖတ်နေရတဲ့ အခိုက်မှာ ရတဲ့ တွေ့ကြုံခံစားမှုကသာ အရေးအပါဆုံးပါ။ ဒါပေမယ့် ဖတ်ရတဲ့ တွေ့ကြုံခံစားမှုလေးကသာ အရေးကြီးတယ်ဆိုရင် ကျွန်တော်တို့ဟာ စာတွေကို အလောတကြီး များများကြီး ပြီးအောင် ဘာလို့ ဖတ်နေကြတာပါလဲ။ အဲ့သလို အများကြီး ဖတ်ပြီးတော့ ဘာကြောင့်များ နဲနဲလေးသာ ကျွန်တော်တို့ဆီမှာ ကျန်ရစ်ခဲ့ရတာပါလဲ။

အကြောင်းကတော့ ကျွန်တော်တို့ဟာ စာတွေကို မှားယွင်းစွာဖတ်နေကြလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖတ်သင့်တာကို သေသေချာချာ ရွေးချယ်ဖတ်ရှုမှု မပြုကြတဲ့အပြင် စေ့စေ့စပ်စပ် သေသေချာချာလည်း မဖတ်ကြပါဘူး။ ကျွန်တော်တို့ခွေးတစ်ကောင်မွေးထားတယ်ဆိုရင် ခွေးကိုလွှတ်ပေးပြီး အမဲကောင်တွေလိုက်ဖမ်းခိုင်းရမယ့်အစား ခွေးကို ကြိုးနဲ့ချည်ထားပြီး ဟောင်နေတာလေးကို နားထောင်နေရုံနဲ့ ကျေနပ်နေကြတာမျိုးနဲ့ တူနေပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုဆိုတဲ့ တန်ဖိုးအရှိဆုံး ရင်းမြစ် ကို ထိုက်တန်မှုမရှိတဲ့ အရာတွေအတွက်သာ အသုံးချနေကြသလိုမျိုး ဖြစ်နေပါတယ်။

အခုတော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော် စာဖတ်ခဲ့တဲ့ ပုံစံနဲ့ မတူညီတဲ့ နည်းလမ်းနဲ့ စာဖတ်နေပြီဖြစ်ပါတယ်။ များနိုင်သမျှ များများ ဖတ်ရမယ့်အစား နည်းနိုင်သမျှ နည်းနည်းပဲ ဖတ်ပါတယ်။ ကောင်းကောင်းမွန်မွန် စေ့စေ့စပ်စပ် ဖတ်ပါတယ်။ တစ်အုပ်ကို နှစ်ကြိမ်ပြန်ဖတ်ပါတယ်။ အဲ့သလိုလုပ်ခြင်းအားဖြင့် ကျွန်တော်ဟာ ဖတ်ရမယ့် စာအုပ်ကို သေသေချာချာ ရွေးချယ်တတ်လာပါတယ်။ စာအုပ်တစ်အုပ်ကိုတွေ့ရင် အဲ့ဒီစာအုပ်ကို ဖတ်သင့်သလား မဖတ်သင့်ဘူးလား ဆိုတာကို အများဆုံး ဆယ်မိနစ်လောက်ပဲ သုံးပြီး လေ့လာဆန်းစစ်လိုက်ပါတယ်။ အကြိမ်ကြိမ်စီး မီးရထားလက်မှတ် ဥပမာဟာ ဒီနေရာမှာ ကျွန်တော့်ကို တော်တော်လေး အကျိုးပြုပါတယ်။ ကျွန်တော့် လက်ထဲမှာကိုင်ထားတဲ့ စာအုပ်တစ်အုပ်ဟာ ကျွန်တော့်လက်မှတ်ပေါ်မှာရှိတဲ့ တံဆိပ်တုံးထုဖို့နေရာလေးကို အဆုံးရှုံးခံလိုက်ဖို့ ထိုက်တန်မှု ရှိ မရှိကို ကျွန်တော် စဉ်းစားတတ်လာပါ တယ်။ အဲ့သလို ဇကာတိုက်ချလိုက်တဲ့အခါ ဖတ်သင့်တဲ့စာအုပ်က အနည်းငယ်ပဲ ကျန်ပါတော့တယ်။ အဲ့ဒီအနည်းငယ်ပဲ ကျန်တော့တဲ့ စာအုပ်လေးတွေကို ကျွန်တော် စေ့စေ့စပ်စပ် သေသေချာချာဖတ်ပါတယ်။ နှစ်ကြိမ်ဖတ်ပါတယ်။ ဒါကို ကျွန်တော်ဟာ စည်းမျဉ်းတစ်ခုအနေနဲ့ လုပ်ဆောင်ပါတယ်။
စာအုပ်တစ်အုပ်ကို နှစ်ကြိမ်ဖတ်တယ်လားလို့ လူတွေကမေးပါလိမ့်မယ်။ ဘာကြောင့် မဖတ်ရမှာလဲ။ ဂီတသီချင်းတွေ နားထောင်ရင်တောင်မှ ကျွန်တော်တို့ဟာ တစ်ကြိမ်ထက်မက အကြိမ်ကြိမ် နားထောင်ကြပါသေးတယ်။ ခင်ဗျားဟာ တူရိယာတစ်ခုခုကို တီးတတ်တဲ့သူဆိုရင် တစ်ကြိမ်တီးရုံနဲ့ သူ့သံစဉ် စကေးတွေအတိုင်း ထပ်တူတီးနိုင်မှာ မဟုတ်ဘူးဆိုတာ ကို နားလည်သဘောပေါက်ပါလိမ့်မယ်။ နောက်သံစဉ်တစ်ခုကို မတက်ခင် ပထမသံစဉ်ကို အသားသေအောင် အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ရတာပါ။ စာအုပ်တွေနဲ့ ပတ်သက်ရင်ရော ဒီအတိုင်း ဘာကြောင့် မလုပ်သင့်ရမှာလဲ။

စာအုပ်တစ်အုပ်ကို နှစ်ကြိမ်ဖတ်တာနဲ့ တစ်ကြိမ်ထဲဖတ်တာ အကျိုးသက်ရောက်မှုခြင်း ကွာခြားပါတယ်။ ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံအရဆိုရင် သက်ရောက်မှုက တော်တော်လေး ကွာခြားပါတယ်။ သက်ရောက်မှုကို ကျွန်တော်က ဆယ်ဆပွားနှုန်းနဲ့ သတ်မှတ်ထားပါတယ်။ တစ်ကြိမ်ဖတ်လို့ ဦးဏှောက်ထဲမှာ သုံးရာခိုင်နှုန်းလောက် ကျန်ခဲ့ရင် နှစ်ကြိမ်ဖတ်ရင် သုံးဆယ်ရာခိုင်နှုန်းလောက် ကျန်ရစ်ပါတယ်။

ကျွန်တော်အမြဲမပြတ် စူးစမ်းမိတာက ဖြည်းဖြည်းချင်း အာရုံစူးစိုက်ပြီး ဖတ်ရှုရင် ဘယ်လောက်များမှတ်မိနိုင်မလဲ၊ တစက္ကန့်လေး ကုန်လွန်သွားတဲ့အချိန်မှာ အကြောင်းအရာ အသစ် ဘယ်လောက်များများကို ခင်ဗျား မှတ်ယူထားနိုင်မလဲဆိုတာနဲ့ ဒီလို တိုင်းတာနိုင်တဲ့ လေ့လာနည်းနဲ့ ဖတ်ရှုသွားရင် ခင်ဗျားရဲ့ နားလည်မှု အသိဉာဏ်တွေ ဘယ်လောက်များ ကျယ်ပြန့်လာနိုင်မလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ (၁၈၆၇) ခုနှစ်က ဘေဆယ်လ်မှာ ဒေါ့တိုယက်စကီးဟာ ဟိုးလ်ဘိုင်းန်ရဲ့ “သင်္ချိုင်းဂူထဲက ခရစ်ရဲ့ သေဆုံးနေသော ရုပ်အလောင်း” ဆိုတဲ့ ပန်းချီကားကို မြင်တဲ့အချိန်မှာ ပန်းချီကားရဲ့ ဆွဲဆောင်မှုမှာ အံ့သြမင်သက်ပြီးရပ်ကြည့်နေလို့ သူ့ဇနီးက နာရီဝက်ကြာတဲ့အချိန်မှာ လာဆွဲခေါ်သွားရပါသတဲ့။ နှစ်နှစ်ကြာပြီးတဲ့ နောက် သူ့ရဲ့ “ငတုံး” ဆိုတဲ့ ဝတ္ထုထဲမှာ သူဟာ အဲ့ဒီပန်းချီကားအကြောင်းကို ဓါတ်ပုံရိုက်ယူထားခဲ့သည့်အလား အသေးစိတ် ပြန်လည် ရေးဖွဲ့ဖေါ်ပြနိုင်ခဲ့ပါတယ်။ ခင်ဗျားရဲ့ အိုင်ဖုန်း ထဲက လျှပ်တပြက်ရိုက်ချက်တွေကရော အဲ့ဒီလောက်ထိထိရောက်ရောက် ပြန်လည်ဖွဲ့သီမှုမျိုးကို လုပ်ပေးနိုင်ပါ့မလား။ ခက်ခဲပါလိမ့်မယ်။ စာရေးဆရာကျော်ကြီးဟာ အဲ့ဒီပန်းချီကားကို ပြန်လည်ရေးဖွဲ့ပြနိုင်ဖို့ရာအတွက် အဲ့ဒီပန်းချီကားထဲကို သူ့ကိုသူ နစ်ဝင်သွားအောင် လုပ်ခဲ့ရတာဖြစ်ပါတယ်။ “နစ်ဝင်သွားတယ်” ဆိုတဲ့စကားလုံးက ဒီနေရာမှာ အဓိက သော့ချက်စကားလုံးဖြစ်ပါတယ်။ နစ်ဝင်သွားခြင်းဆိုတာနဲ့ ဆန့်ကျင်ဖက်ကတော့ ရေပေါ်လျှပ်ပြေးခြင်း ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
အထက်ကပြောခဲ့တာတွေကို ပိုပြီးကျစ်လျစ်သန့်စင်သွားအောင် လုပ်ကြည့်ကြရအောင်။

၁။ ထိရောက်မှု အတိုင်းအတာ - စကားလုံးက နည်းပညာရပ် ဆန်နေပါတယ်။ စာအုပ်တစ်အုပ်အကြောင်းကို ခင်ဗျား ဝေဖန်သုံးသပ်ပြနိုင်ပါသလား။ ပြနိုင်ပါလိမ့်မယ်။ ဒီလို ဖတ်နည်းမျိုးဟာ အသုံးဝင်မှု အဓိက နဲ့ ချစ်မှုရေးရာ ရသမဆန်တဲ့ ဖတ်နည်းမျိုးဖြစ်ပါတယ်။ ချစ်မှုရေးရာအကြောင်း ခဏထားလိုက်ကြပါဦးစို့။ စာအုပ်တစ်အုပ်ဖတ်ပြီး ခင်ဗျား ဦးဏှောက်ထဲမှာ (စာအုပ်က ညံ့လွန်းလို့သော်လည်းကောင်း၊ ခင်ဗျား သေသေချာချာ မဖတ်ခဲ့လို့သော်လည်းကောင်း) ဘာမှ မကျန်ရစ်ခဲ့ဘူးဆိုရင် ကျွန်တော်ကတော့ အဲ့ဒါမျိုးကို သက်သက်အချိန်ဖြုန်းမှုလို့ သတ်မှတ်ပါတယ်။ စာအုပ်တစ်အုပ်ဟာ အဲ့ပ်တောင်တန်းကြီးတွေပေါ်ကနေ လေယာဉ်နဲ့ ရှု့ခင်းကြည့်တာမျိုး၊ လိင်ကိစ္စမျိုး စတဲ့ အပေါ်ယံကြောအရာ တွေထက် အရည်အသွေးအားဖြင့် ကွဲပြားခြားနားတဲ့ အရာတစ်ခုကို ပေးသင့်ပါတယ်။

၂။ ရာဇဝတ်မှုခင်းဆိုင်ရာ ဝတ္ထုတွေနဲ့ ထိတ်လန့်ဖွယ်ရာ ဝတ္ထုမျိုးတွေကို ခင်ဗျားရဲ့ လက်မှတ်ပေါ်က စာရင်းထဲကနေ ဖယ်ထုတ်ထားလိုက်ပါ။ ဘာကြောင့်လဲဆိုရင် ခင်ဗျားဟာ သူတို့ဆီကနေ မျှော်လင့်ချက်ကြီးကြီးမားမားရှိမှာမဟုတ်ဘဲ အဲ့ဒါမျိုးကိုလည်း နှစ်ကြိမ်ထပ်ဖတ်ချင်မှာ မဟုတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ လူသတ်သမား ဘယ်သူလဲဆိုတာ သိပြီးသွားရင် နောက်တစ်ခေါက် ထပ်ဖတ်ချင်ကြတော့မှာ မဟုတ်ပါဘူး။

၃။ ခင်ဗျားရဲ့ တကိုယ်ရည် စာဖတ်လက်မှတ်မှာ စာအုပ်ဘယ်နှအုပ်စာလောက် ရှိသင့်သလဲဆိုတာကို ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်ရပါမယ်။ ကျွန်တော်ကတော့ နောက်ဆယ်နှစ်စာကို စာအုပ် အုပ်တစ်ရာပဲ ဖတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ပျမ်းမျှ တစ်နှစ်ကို ဆယ်အုပ်ပေါ့။ စာရေးသူတစ်ယောက်အတွက်တော့ အတော်နည်းပါးတဲ့ အရေအတွက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဟာ အထက်မှာပြောခဲ့သလိုပဲ ကျွန်တော်ရွေးချယ်ထားတဲ့ အကောင်းဆုံးစာအုပ်တွေကို နှစ်ကြိမ်ဖတ်မှာဖြစ်ပါတယ်။ တချို့ကို သုံးကြိမ်လည်း ဖတ်ကောင်း ဖတ်နိုင်ပါတယ်။ အဲ့သလို ဖတ်ခဲ့ရင် ကျွန်တော်ဟာ နှစ်သက်မှုအမြင့်ဆုံးရရှိပြီး ထိရောက်မှုကလည်း ဆယ်ဆလောက် တိုးပွားမှာ ဖြစ်ပါတယ်။

၄။ ခင်ဗျားဟာ ငယ်သေးတယ်ဆိုရင် ခင်ဗျားရဲ့ စာဖတ်လို့ကောင်းတဲ့အရွယ်ရဲ့ သုံးပုံတစ်ပုံမှာ ဝတ္ထုတွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ၊ အမျိုးမျိုးသော သုတစာပေတွေကို များနိုင်သမျှ များများဖတ်ပါ။ အရူးအမူးဖတ်ပါ။ အရည်အသွေးကို ဂရုမစိုက်ဘဲ များနိုင်သမျှ များများပြီးအောင်သာ ဖတ်ပါ။ ပြည့်အောင်ဖြည့်ပါ။ ဘာကြောင့်လဲဆိုရင် အခန်း (၄၈) မှာ ဖေါ်ပြမယ့် သင်္ချာဆိုင်ရာ အယူအဆတစ်ခုဖြစ်တဲ့ “အတွင်းရေးမှူးပြဿနာ” ဆိုတဲ့ အချက်ကြောင့်ဖြစ်ပါတယ်။ ရှေးရိုးဆုံးဖြတ်မှုတွေမှာဆိုရင် ခင်ဗျားဟာ လျှောက်ထားသူတွေအားလုံးထဲကမှ အကောင်းဆုံး အတွင်းရေးမှူးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဖြေရှင်းနည်းက ခင်ဗျားဟာ အင်တာဗျူးပြုလုပ်ပြီး ဖြေဆိုသူတွေထဲက ပထမဆုံးအနေနဲ့ သုံးဆယ်ခုနှစ်ရာခိုင်နှုန်းကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ခွဲခြားမှုမရှိတဲ့ ဖတ်ရှုမှု (စာရင်းအင်း အသုံးအနှုန်းအရတော့ အမျိုးမျိုးသော နမူနာပုံစံတွေ) တွေပြုလုပ်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲ့သလို ရွေးချယ်တဲ့ အခါမှာ ခင်ဗျားစာဖတ်သက်တမ်းရဲ့ ပထမဆုံး သုံးပုံတစ်ပုံမှာ ရလာတဲ့ အသိတွေကို အခြေခံပြီးရွေးချယ်ရမှာဖြစ်ပါတယ်။ ခင်ဗျား အဲ့သလို စာတွေဖတ်ထားမှသာ စာဖတ်သူဆိုတာ ဘယ်လို ဆိုတဲ့ ပုံစံတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့သလို ဖတ်ထားခြင်းက ခင်ဗျားရဲ့ ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းကိုလည်း ပိုမို ထက်မြက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာ တင်ပြခဲ့တဲ့ စာဖတ်မှုပုံစံကို အသက်သုံးဆယ် မရောက်မချင်းတော့ စတင်မကျင့်သုံးပါနဲ့ဦး။ အသက်သုံးဆယ် နောက်ပိုင်း ရောက်ရင်တော့ အထက်မှာ တင်ပြခဲ့တဲ့ စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးပြီးစာဖတ်ပါ။ အသက်သုံးဆယ်နောက်ပိုင်းမှာ ခပ်ညံ့ညံ့စာအုပ်တွေကို ဖတ်ဖို့ရာအတွက်တော့ ဘဝက တိုတောင်းလွန်း သွားပါပြီ။

the art of the good life
Rolf Dobelli

Comments

Popular posts from this blog

သုတေသနစာတမ်းရေးသားနည်း

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

ပညာပေး (အသက် ၁၈ပြည့်မှဖတ်ပါ) : အမျိုးသမီးပြီးခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ?