လူနဲ့ကျောက်
လူနဲ့ကျောက်
#လူထုဒေါ်အမာ
လူမှာ စိတ်ကောင်း နှလုံးကောင်း မွေးရတယ်။ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ ပျော့ညံ့တဲ့စိတ်ကို သူများအတွက် ငါ့ကိုယ်ကျိုး အနစ်နာခံမယ်ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ တိုက်ရတယ်။ ဘာလို့တုံးဆိုတော့ မင်းက တိရစ္ဆာန်မှ မဟုတ်ဘဲ။ လူသားမဟုတ်လား။ တိရစ္ဆာန်ကတော့ ကိုယ်က အင်အားသာတယ်။ ယှဉ်လိုက်ရင် ကိုယ်နိုင်မယ်ဆိုတာသိရင် အနိုင်ကျင့်တယ်။ လုယက်စားတယ်။ ခုခံတဲ့တစ်ဖက်သားကို အသေအလဲထိုးနှက်ကိုက်ဖဲ့ခဲ့တယ်။ လူသားကတော့ ကိုယ့်ထက်အားနည်းသူကိုတွေ့ရင် ကရုဏာမေတ္တာစိတ်နဲ့ သနားပါတယ် ချို့တဲ့ရှာတယ်ဆိုပြီး ညှာတာလိုက်တယ်။ ကိုယ်က အနစ်နာခံလိုက်တယ်။ ကိုယ်ကျိုးကို စွန့်လိုက်တယ်။
အလုပ်နဲ့ပတ်သက်လို့ ကိုယ်လုပ်ရမယ့်အလုပ်၊ ကိုယ်လုပ်ရမယ့်ဝတ္တရား၊ ကိုယ်လုပ်ရမယ့် တာဝန်ကျပြန်တော့လည်း မခိုမကပ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ သတ္တိဗျတ္တိသုံးပြီး လုပ်ကြရတယ်။ ဒါမှ စစ်မှန်တဲ့လူသား။
အဲဒီလိုစိတ်မျိုးရှိနေအောင် စာတွေဖတ်ပါ။ စိတ်ကောင်းမွေးပါ။ လူ့အရည်အချင်း၊ လူ့အရည်အသွေး၊ လူ့အရည်အရောင် တက်သည်ထက်တက်အောင်လုပ်ဆောင်ပါ။ ကျောက်ကလေးတစ်စေ့ကိုတောင်မှ အရှိအတိုင်းမထားဘဲ လူက ကြိုးစားလုပ်ဆောင်သေးတာ။ ကျောက်ထက် အဖိုးတန်တဲ့လူရင့်မကြီးအတွက် သိပ်လုပ်ဖို့လိုတာပေါ့။
ဒါကြောင့် လူငယ်တွေ စာများများဖတ်၊ လူပီသအောင် ကြိုးစား၊ သဘောထား မှန်အောင် လုပ်ကြကွယ်။ လူဟာ သစ္စာတရားအတွက် ရွက်ဆောင်နိုင်တဲ့ စွမ်းအားတွေ ခန့်မှန်းလို့မကုန်နိုင်အောင် ရှိတယ်ကွယ်။
''လူနဲ့ကျောက်''။ စာ(၃၆၃-၃၆၄)မှ
Comments
Post a Comment