ဘဝနေနည်း (၃)
သူ့အချိန်နဲ့သူ လုပ်သင့်တာကို မလုပ်ရင် ဘယ်အရာမှ ထင်သလောက် ခရီးမပေါက်နိုင်ဘူး။ မလုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တာတွေ လုပ်မိရင်လည်း တလွဲတွေ ဖြစ်တတ်တယ်။
မလုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တာတွေ လုပ်မိရင်လည်း တလွဲတွေ ဖြစ်တတ်တယ်။
ဒါဆိုဘယ်အချိန်က အသင့်တော်ဆုံး အချိန်လဲ။
နာမည်ကျော်စာရေးဆရာ Daniel Pink ရေးတဲ့ When စာအုပ်ကို ကျွန်တော် The Voice Journal ထဲမှာ ရေးထားတဲ့ ဖတ်ညွှန်းထဲက ကောက်နုတ်ရေးလိုက်ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဇီဝနာရီ ရှိတယ်။
အများအားဖြင့် စိတ်နဲ့ ခန္ဓာကိုယ်နိုးကြားမှု၊ ခွန်အားတွေဟာ မနက်ခင်းမှာ စတင်မြင့်မားလာပြီး မွန်းတည့်ချိန်လောက်မှာ အမြင့်ဆုံးကို ရောက်ပါတယ်။
မွန်းလွဲမှာ အနိမ့်ဆုံးကိုရောက်တယ်။
ညနေခင်း လောက်ကစပြီး ခွန်အားတွေ တောက်လျှောက် ပြန်တက်ပါတယ်။
ခွဲခြမ်းစိတ်ဖြာဖြေရှင်းရတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးအချိန်က မနက်ပါ။ ထိုးထွင်းသိစိတ်နဲ့ ဖြေရှင်းရတဲ့ ပြဿနာတွေကိုတော့ ညနေခင်းမှာ ကိုင်တွယ်သင့်တယ်။
သင်္ချာတွက်တာမျိုးက ခွဲခြမ်းစိတ်ဖြာရတဲ့ ကိစ္စပါ။ အနုပညာကိစ္စလိုမျိုးတွေက ထိုးထွင်းသိစိတ်နဲ့ဆို ပိုအလုပ်ဖြစ်ပါတယ်။
အပေါ်မှာ ပြောတာတွေက လူအများစုအတွက်ပါ။ ဇီးကွက် လို့ခေါ်တဲ့ ညကို နောက်ကျမှအိပ်ပြီး မနက်နောက်ကျမှ ထသူတွေအတွက်က အဲဒါနဲ့ ပြောင်းပြန်ယူသင့်တယ်။ ထိုးထွင်းသိစိတ်နဲ့ ဖြေရှင်းရတဲ့ ပြဿနာတွေကို ဇီးကွက်တွေဟာ မနက်ခင်းမှာ ရှင်းသင့်တယ်။ ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းရမယ့် ပြဿနာတွေကိုတော့ ဇီးကွက်တွေက ညနေခင်းမှာ ဖြေရှင်းသင့်တယ်။
မွန်းလွဲပိုင်းတွေကတော့ ဇီးကွက်အတွက်ရော ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ မွန်းလွဲပိုင်းတွေမှာ ဆုံးဖြတ်ရင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။
Duke Medical Center ကို လုပ်တဲ့ သုတေသနမှာ ခွဲစိတ်မှု ၉ သောင်းကို လေ့လာတဲ့အခါ မေ့ဆေးဆရာဝန်တွေ ရဲ့အမှားတွေဟာ မွန်းလွဲ ၃နာရီနဲ့ ၄နာရီကြားမှာ အများဆုံးဖြစ်တယ်လို့ တွေ့ရတယ်။
ဒါဆို မွန်းလွဲပိုင်းမှာ အလုပ်မလုပ်ဘဲ နေရတော့မလား။ မဟုတ်ပါဘူး။
ဖြစ်နိုင်ရင် ဆယ်မိနစ်ဆယ့်ငါးမိနစ်လောက် ခဏမှေးပါ။ ဒီထက် ပိုမအိပ်ပါနဲ့ သွေးလေးပြီး ထိုင်းမှိုင်းသွားမယ်။ ကောင်းတာက မမှေးခင် ကော်ဖီသောက်ထား၊ ကိုယ်ပြန်ထချိန်မှာ ကော်ဖီက သွေးထဲရောက်နေပြီဆိုတော့ ထတာနဲ့ လန်းဆန်းနေမယ်။
တစ်မှေးမှေးလို့မရတဲ့နေရာမှာဆိုရင်တော့ “တစ်နာရီ တစ်နာရီခွဲလောက် အာရုံစူးစိုက် အလုပ်လုပ်၊ စာသင်ယူပြီးတိုင်း ဆယ်မိနစ်လောက် နားပါ။ လမ်းလေးဘာလေးထလျှောက်ပါ။”
နောက်တစ်နည်းက ကွန်ပျူတာအသုံးများသူတွေအတွက် ၂၀၊ ၂၀၊ ၂၀ လို့ လူသိများတဲ့နည်းပါ။
မိနစ်၂၀ပြည့်တိုင်း ပေ၂၀လောက် ဝေးတဲ့နေရာကို စက္ကန့် ၂၀လောက် ကြည့်ပေးပါ။ မျက်လုံးတွေ အနားရမယ်၊ ကိုယ့်ရဲ့ထိုင်ပုံ ခါးအနေအထား ပြန်မှန်သွားမယ်။
Original Writer- zeyathu
Comments
Post a Comment