" ငွေကြေးမှာ အပူအပင်ကင်းစေဖို့ "
ငွေကြေးအပူအပင်ကင်းစေနိုင်မယ့် အလေ့အကျင့်များ
ချမ်းသာကြွယ်ဝမှုနဲ့ ငွေကြေးအပူအပင်ကင်းမှုကို တည်ဆောက်ရာမှာ အပိုင်သေချာတဲ့ ဖော်ဖြူလာတွေ၊ နည်းလမ်းတွေဆိုတာ မရှိပါဘူး။ ဒါပေမယ့် နေ့စဉ်လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ၊ ရွေးချယ်မှုတွေနဲ့ အလေ့အကျင့်တွေကတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ပေးနိုင်ပြီး ငွေကြေးအပူအပင်ကင်းစေနိုင်မယ့် အလေ့အကျင့်တွေက ဘာတွေဖြစ်မလဲ?
အလုပ်ကြိုးစားမှု
ဒါကတော့ အရေးအကြီးဆုံးအကျင့်တစ်ခုဖြစ်ပါတယ်။ အလုပ်တစ်ခုကို မဆုတ်မနစ် ဇွဲလုံ့လနဲ့ တစိုက်မတ်မတ်လုပ်ဆောင်တတ်ခြင်းက ချမ်းသာကြွယ်ဝမှုကို ရရှိစေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ထီပေါက်တာ၊ အမွေအမြောက်အများရတာတွေကြောင့် ချမ်းသာကြွယ်ဝလာတာတွေရှိပေမယ့် ဒီလိုကံကောင်းဖို့က မလွယ်ပါဘူး။ အလုပ်ကြိုးစားတာကတော့ ချမ်းသာကြွယ်ဝလာဖို့ သေချာပါတယ်။
သာမန်ဘဝမှာနေထိုင်ခြင်း
ငွေကို စနစ်တကျသုံးစွဲပြီး သာမန်ဘဝနဲ့နေထိုင်ခြင်းက ဓနဥစ္စာအမြောက်အများကို တည်ဆောက်နိုင်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ အထိန်းအကွပ်မဲ့သုံးစွဲပြီး အများအထင်ကြီးလောက်တဲ့ ဘဝနေထိုင်မှုပုံစံက ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ အချိန်ပိုကြာစေနိုင်ပါတယ်။ ရှာနိုင်တာထက် လျှော့သုံးတာ၊ ငွေပိုငွေလျှံရှိအောင် စုဆောင်းတာတွေက ချမ်းသာချင်သူတိုင်း လုပ်ဆောင်သင့်တဲ့အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။
စိတ်ရှည်သည်းခံမှု
အလျှင်လိုရင် အနှေးဖြစ်ဆိုသလိုပါပဲ။ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ စိတ်ရှည်သည်းခံမှုက အရေးကြီးပါတယ်။ စိတ်မရှည်ပဲ အလျင်စလိုဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက ကောင်းမှာမဟုတ်ပါဘူး။
ဇွဲလုံ့လ
ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရတာက လွယ်ကူမယ်ဆိုရင် လူတိုင်းက လုပ်နိုင်ကြမှာပါ။ ငွေကြေးအပူအပင်ကင်းမဲ့မှုဆီကိုသွားတဲ့ ခရီးလမ်းက စိန်ခေါ်မှုတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ဖို့ လိုပါတယ်။ ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ မိမိကိုယ်ကိုယ် စည်းကမ်းကြပ်မတ်မှု၊ အားမလျှော့စတမ်း ကြိုးစားအားထုတ်မှုတွေ ရှိရမှာပါ။ ဒီနေရာမှာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လက ရှေ့ဆက်ဖို့ ကူညီပေးနိုင်ပါတယ်။
လေ့လာသင်ယူခြင်း
ဘဝတစ်လျှောက်လုံးလေ့လာသင်ယူခြင်းဟာ ဘယ်လိုနယ်ပယ်မျိုးမှာပဲဖြစ်ဖြစ် ထွန်းပေါက်အောင်မြင်စေနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းပညာရေးပြီးသွားပေမယ့် လေ့လာသင်ယူမှုကို ရပ်တန်လို့ မရပါဘူး။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲက အသိအပညာ၊ အတတ်ပညာနဲ့ သတင်းအချက်အလက်တွေကို အမြဲတမ်းလေ့လာဆည်းပူးနေဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်အရည်အချင်းတွေ တိုးတက်လာဖို့လည်း လေ့လာသင်ယူနေရမှာဖြစ်ပါတယ်။
Comments
Post a Comment