" စာမေးပွဲဖြေမည့်သူများအတွက် "



[စာမေးပွဲဖြေမယ့်သူတွေအတွက်မရှိမဖြစ် App များ]

📵 Block App (https://play.google.com/store/apps/details?id=com.wverlaek.block)

What - App လုပ်ဆောင်ပုံက သူ့ နာမည်လေးအတိုင်းပါပဲ။ ဖုန်းထဲမှာ ကိုယ့်ရဲ့ အာရုံစူးစိုက်မှုကို အနှောက်အယှက်ဖြစ်စေတဲ့ App ကို အချိန်အကန့်အသတ်နဲ့ အသုံးပြုလို့မရအောင် (Block) ပေးတာ ဖြစ်ပါတယ်။

How - သူ့မှာ App Usage နဲ့ Block ဆိုပြီး အဓိက လုပ်ဆောင်ချက် နှစ်ခုပါဝင်ပါတယ်။ App Usage မှာ ကိုယ့် တစ်ရက်တာ ဘယ် Applications တွေနဲ့ အချိန်ကုန်ဆုံးမှုအများဆုံး ဖြစ်သလဲ ပြပေးပြီး ကိုယ့်အနေနဲ့ နောက်ဆို အဲ့ဒီ App တွေကို တစ်ရက် အချိန်ဘယ်လောက်သုံးမယ် ၊ တစ်ပတ် အချိန်ဘယ်လောက်သုံးမယ် ဆိုတာကို သတ်မှတ်ထားလို့ရပါတယ်။ Apple ရဲ့ Screen time နဲ့ ဆင်တူပြီး သူ့ရဲ့အားသာချက်က App အသုံးပြုချိန်ပြည့်သွားပြီ ဆိုတာနဲ့ နောက်တစ်ခေါက် App ကိုပေးမဖွင့်တော့တာပဲ Motivation Quotes လေးတွေပြပါလိမ့်မယ်။ အာရုံစူးစိုက်ဖို့ Motivation ပျောက်နေတဲ့သူတွေအတွက်တော့ အံကိုက်ပေါ့။
Block မှာက ကိုယ်အလုပ်လုပ်တဲ့ အချိန် ၊ စာလုပ်တဲ့ အချိန် ရောက်ရင် ကိုယ့်ရဲ့ အာရုံစူးစိုက်မှုကို လျော့ကျစေတဲ့ App တွေကို အလိုအလျောက် Block အောင် Schedule ပေးတာဖြစ်ပါတယ်။ ဆိုကြပါစို့ ကိုယ်က 9 AM ကနေ 11 AM တစ်ကြိမ် 7 PM ကနေ 9 PM တစ်ကြိမ် စာလုပ်တဲ့ ဆိုပါစို့။ ဒါဆို အဲ့အချိန်တွေရောက်တိုင်း ကိုယ့်စာလုပ်တာကို အနှောက်အယှက်ဖြစ်စေတဲ့ App တွေထဲကို မဝင်ရောက်နိုင်စေဖို့ ပိတ်ထားပေးတာ ဖြစ်ပါတယ်။

Why - Social Media ၊ Game တွေဆိုတာ အဲ့ဒါနဲ့ အသက်မွေးဝမ်းကြောင်းပြုသူ မဟုတ်တဲ့ သူတွေအတွက် တစ်နေ့တာ အလုပ်တွေမှာ အာရုံစူးစိုက်မှုကျဆင်းအောင် ပြုလုပ်မယ့် အဓိကရန်သူတော်ကြီးပါ။ ကိုယ်ရော အဲဒါတွေနဲ့ တစ်ရက် တစ်ရက် အချိန် ဘယ်လောက်ဖြုန်းနေမိပြီလဲ တွေးကြည့်လိုက်စမ်း တစ်ရက် တစ်ရက် ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း လုပ်နိုင်စွမ်းတွေ ကျဆင်းနေရရင် ကိုယ့်ဘဝလမ်းကြောင်းအတွက် ဘယ်လောက် နစ်နာလိုက်မလဲပေါ့။
Block app က နောက်ဆို Game ၊ Social Media တွေကြောင့် ကိုယ့်အချိန်တွေ အလဟဿ မဖြစ်အောင် ကူညီပေးနိုင်မှာပါ...
(Block App ကို မြန်မာပြည်အတွက် Google Play Store ကန့်သတ်ထားတဲ့အတွက် တခြား Third party Software တစ်မျိုးမျိုးနဲ့ ဒေါင်းလုပ်ခ်ဆွဲရမှာ ဖြစ်ပါတယ်။) https://apkpure.com/block-apps-more-productivity-focus/com.wverlaek.block

 🕘 Pomodoro Timer

What – စာလုပ်တဲ့ အခါ ၊ အလုပ်လုပ်တဲ့ အခါ အချိန်ကို ဘယ်လိုအသုံးချရမလဲ ဆိုတာကို စီမံခန့်ခွဲပေးတဲ့ App ဖြစ်ပါတယ်။

How – ကိုယ့်လုပ်ရမယ့် အကြောင်းအရာ တစ်ခုကို ရွေးလိုက်ပါ။ အဲ့အကြောင်းအရာကို စလုပ်မယ့်အချိန်ကစပြီး (၂၅) မိနစ် ကြာတဲ့အခါ အချက်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင် ၃ မိနစ် ကနေ ၅ မိနစ်ခန့် ကိုယ်လုပ်နေတဲ့ အလုပ်ကနေ နားပြီး အလုပ်ပြန်ဆက်လုပ်ပါ။ ဒီလိုမျိုး ၄ ခေါက်မြောက် အနားယူတဲ့ အခါ ၁၅ မိနစ် ကနေ မိနစ် ၃၀ လောက်ထိ အနားယူလိုက်ပါ။

Why – အသုံးပြုတဲ့ ပုံစံကို ကြည့်ပြီး စာလုပ်ရတာ အာရုံပျက်တယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် သိပ္ပံတွေ့ရှိချက်တွေအရ လူတစ်ယောက်ဟာ အကြောင်းအရာ တစ်ခုကို ၂၅ မိနစ်သာ အာရုံအပြည့်အဝပေးနိုင်ပြီး ၂၅ မိနစ် ကျော်လာတဲ့အခါ အာရုံစိုက်နိုင်စွမ်းကျဆင်းလာတတ်ပါတယ်။ ဒါ့ကြောင့် အနားခဏယူပေးခြင်းအားဖြင့် အလုပ်ပြန်လုပ်တဲ့အခါ အာရုံအပြည့်နဲ့ ပြန်လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။

🎼 Brain.fm

What – အသံတစ်ခုဟာ တစ်စုံတစ်ခုကို အာရုံစိုက်ဖို့ ကြိုးစားနေတဲ့သူအတွက် အာရုံပျက်ပြားအောင် လုပ်ဆောင်နိုင်သလို အာရုံပိုစိုက်နိုင်အောင်လည်းစွမ်းဆောင်နိုင်ပါတယ်။ ကိုယ်လုပ်မယ့် အလုပ်ပေါ်မူတည်ပြီး အာရုံပိုစူးစိုက်နိုင်အောင် တီးလုံးလေးတွေ ဖွင့်ပေးတဲ့ App ဖြစ်ပါတယ်။

How – App ထဲမှာ အလုပ်ချိန်၊ စာကျက်ချိန်၊ စာဖတ်ချိန်၊ အနုပညာအလုပ်တွေ တွေးတောချိန် ဒါတွေအတွက် ရည်ရွယ်ပြီး Focus Section Taking a Break , Meditation , Calm Anxiety , After Working အတွက် ရည်ရွယ်ပြီး Relax Section ၊ Full Night Sleep , Power Nap , Mid-day Nap , Sleep Aid အတွက် ရည်ရွယ်ပြီး Sleep Section ဆိုပြီး ရှိပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ Section ပေါ်မူတည်ပြီး တီးလုံးတွေက ပြောင်းလဲသွားမှာ ဖြစ်ပြီး အသုံးပြုတဲ့အခါ (၁၅) မိနစ် ခန့် နားထောင်သင့်ပါတယ်။

Why - အလွယ်တကူ အာရုံပျံ့လွင့် တတ်တဲ့သူတွေ၊ အိပ်ယာထဲ လှဲနေပေမယ့် အိပ်မပျော်တဲ့သူတွေ ၊ ခန္ဓာကိုယ်က အလုပ်ထဲရောက်နေပေမယ့် စိတ်က အပြင်ရောက်နေတဲ့ သူတွေအတွက် စိတ်နဲ့ကိုယ် တစ်သားထဲဖြစ်စေဖို့ အကူညီပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

💭 SimpleMind

What – ကိုယ့်ရဲ့ တစ်စစီ ပြန့်ကျဲနေတဲ့ အတွေးတွေကို မြေပုံတစ်ခုအဖြစ် ဖန်တီးပေးမယ့် App ဖြစ်ပါတယ်။

How – သူ့ရဲ့ ရိုးရှင်းတဲ့ Feature တွေက သင်ပေးစရာမလိုအောင် လွယ်ကူပြီး စီးပွားရေး ၊ ပညာရေး ၊ လူမှုရေး အစရှိတဲ့ နယ်ပယ်တွေကို သင်ကြားတဲ့အခါ မှတ်သားရလွယ်ကူအောင် အသုံးပြုနိုင်သလို အတွေးအခေါ်အသစ်တွေ ရလာအောင် အကူညီပေးနိုင်လို့လည်း ဖြစ်ပါတယ်။

Why – စာကျက်တဲ့ အခါ အလွတ်ကျက်တာထက် သဘောတရားတွေကို ကိုယ်နားလည်တဲ့ ပုံစံနဲ့ ချရေး ဒါမှမဟုတ် mindmap လေးတွေ ဆွဲတာဟာ လွယ်လွယ်မှတ်မိစေတယ်လို့ သုတေသီတွေက ထောက်ခံထားပါတယ်။ စာရွက်တွေပေါ်မှာ လျှောက်ခြစ်တာထက် ဒီ app လေးနဲ့ဆို စတိုင်ကျကျ လက်ရေးလှလှ ပြန်ကြည့်လို့လည်း ရှင်းတာပေါ့။

⏰ Alarmy

What – အိပ်ပုတ်လေးတွေ လက်ညိုးထောင်.. မနက်ကျရင် မြည်နေတဲ့ Alarm ကိုပိတ်ပြီး ပြန်အိပ်တတ်တဲ့ Sleepaholic တွေအတွက် ထုတ်ထားပေးတဲ့ App လေးဖြစ်ပါတယ်။

How - ဒီ App လေးရဲ့ လုပ်ဆောင်ချက်က အများကြီးရှိပါတယ်။ ဒါပေမယ့် အဓိက ပြောချင်တာက Alarm Function ပါ။ ရိုးရိုးဖုန်း Alarm တွေနဲ့ မတူဘဲ ထူးခြားသွားတာက သူ့ရဲ့ မြည်နေတဲ့ Alarm ကို ပိတ်မယ်ဆိုရင် Photo Missions ၊ Math Missions ၊ Barcode Missions ၊ Shake Missions အစရှိတာတွေထဲက ကိုယ်ရွေးထားတဲ့ Mission ကို အောင်မြင်စွာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ - Math Missions ကို ရွေးထားရင် Alarm ပိတ်ဖို့ဆို သင်္ချာပုဒ်စာ သုံးပုဒ်ဖြေရှင်းရမှာ ဖြစ်သလို Shake Missions ရွေးထားမယ်ဆိုရင်လည်း Alarm ပိတ်ဖို့ဆို ဖုန်းကို ‘၉၉၉’ ကြိမ် လက်နဲ့ လှုပ်ပေးရမှာ ဖြစ်ပါတယ်။ မဖြေရှင်း နိုင်မချင်း အရမ်းကျယ်ပြီး စိတ်ပျက်ဖို့ကောင်းတဲ့ အသံနဲ့ နှိပ်စက်နေမှာဆိုတော့ ပြန်အိပ်ချင်တဲ့ စိတ်ပျောက်သွားမှာ အသေအချာပါပဲ။

Why - ညစောစောအိပ် မနက်စောစော တိတ်ဆိတ်အေးချမ်းတဲ့ အချိန်မှာ စာကျက်ရင် အာရုံစူးစိုက်မှုပိုကောင်းပြီး စာပိုရတယ်လို့ လူကြီးတွေ ခဏခဏ ပြောလေ့ရှိပါတယ်။ ခုရက်ပိုင်း နံနက်လေးတွေကလည်း အေးတော့ ပြန်ကွေးဖို့ အံကိုက်ပဲ။ စောစောထ စာကျက်ဖို့ အခက်အခဲ ဖြစ်နေသူတွေ ရုံးသမားတွေအတွက် ဒီ app လေးက မရှိမဖြစ်ပဲပေါ့။ 
 
 
💡 Memory Games: Brain Training

What – Gamification နည်းပညာကို အခြေထားပြီး ဦးနှောက်ကို လေ့ကျင့်ပေးကာ ကိုယ့်ရဲ့ Productivity ကို တိုးတက်စေမယ့် App ဖြစ်ပါတယ်။ အတန်းထဲမှာ အလုပ်ထဲမှာ သူများထက် တော်ချင်တဲ့ သူတွေ သုံးသင့်တဲ့ App ဆိုလည်း မမှားပါဘူး။

How – App ထဲမှာ ဂိမ်းအမျိုးအစား ၂၁ မျိုးပါ ရှိပြီးတော့ အပျော်သီးသန့်မဟုတ်ဘဲ မှတ်သားနိုင်စွမ်း ၊ အာရုံစူးစိုက်နိုင်စွမ်း ၊ ဖြတ်ထိုးဉာဏ်စွမ်း တွေကို အသုံးပြုပြီးကစားရတာ ဖြစ်ပါတယ်။ ကိုယ်ရဲ့ စွမ်းဆောင်ရည်မြင့်မားလာတာ နဲ့ အတူ ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေ ဂိမ်းအသစ်တွေ ပွင့်လာမှာ ဖြစ်ပါတယ်။

Why - စာကျက်ရင် break time အနားယူတဲ့ အချိန်ကလည်း အရေးပါပါတယ်။ စာမေးပွဲနီးလို့ စာကျက်နေတဲ့ အချိန်မှာ break ယူရင်တောင် အကျိုးရှိနေချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးကို နှစ်သက်မှာပါ။ မှတ်ဉာဏ်ရင့်သန်စေမယ့် ဂိမ်း၊ ဦးနှောက်လုပ်ဆောင်ချက်တွေ တိုးတက်စေဖို့ လေ့ကျင့်ပေးမယ့် ဂိမ်းလေးတွေ အများကြီး ပါတာမို့ များများကစားပေးလိုက်နော်။
 
စာမေးပွဲဖြေမယ့်သူတွေအတွက် တကယ် လိုတဲ့ app တွေဆိုတာ ယုံပြီလား? ပြောပြပေးပြီးသွားပြီဆိုတော့ လက်တွေ့ အသုံးချဖို့ပဲ လိုတော့တယ်နော်။ အခုအပေါ်မှာ ပြောပြပေးခဲ့တဲ့ App တွေ သုံးနေတဲ့သူရှိရင် ကိုယ့်ရဲ့ Review တွေကို တခြားသူတွေကို ပြောပြပေးခဲ့လို့ရသလို ဒီထဲမှာ မပါပေမယ့် စာကျက်ဖို့ သုံးနေကျ လက်စွဲတော် app လေးတွေရှိရင်လည်း ပြောပြပေးပါဦး။ အသုံးတည့်ရင် ချစ်သူငယ်ချင်းတွေကိုလည်း ဝေမျှပေးလိုက်နော်။

--------------
Source - MyanLearn

Comments

Popular posts from this blog

သုတေသနစာတမ်းရေးသားနည်း

Content Writer တစ်ယောက်ဖြစ်ဖို့ဆိုရင် !

ပညာပေး (အသက် ၁၈ပြည့်မှဖတ်ပါ) : အမျိုးသမီးပြီးခြင်း ဆိုတာ ဘယ်လိုမျိုးလဲ ?